အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လူ ၅ ဦး သေဆုံးပြီး ၃၀၀ ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အစိုးရရဲ့ သတိပေးချက်တွေကို အံတုပြီး မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြနေကြတဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူ ထောင်ပေါင်းများစွာကို ရဲတွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း အတိုက်အခံ အင်တာနက် ၀က်ဘ်ဆိုက်တွေက ဖော်ပြကြပါတယ်။
မနေ့တုန်းက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသမားတွေကြား ပဋိပက္ခမှုတွေအတွင်း အတိုက်အခံခေါင်းဆောင် မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) ရဲ့ တူဖြစ်သူဟာလည်း သေဆုံးသွားခဲ့တဲ့အကြောင်း မူဆာဗီရဲ့ အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။
ဆန္ဒပြသူတွေနဲ့ မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ ကိုင်ဆောင်ထားတဲ့ ရဲတွေကြား သွေးထွက်သံယို တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အကြောင်း မျက်မြင်တွေ့သူတွေက ပြောကြသလို အရေးပေါ်ကား ဥသြသံတွေ၊ ရဲရဟတ်ယာဉ်တွေ ပျံသန်းနေတာတွေ၊ ဆန္ဒပြသမားတွေရဲ့ အာဏာရှင် ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်နေတာကို ကြားနေရတယ်လို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ ပစ်ခတ်တယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး လူ ၃၀၀ လောက် ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
ဆန္ဒပြပွဲတွေကို တိုက်ရိုက် သတင်းရယူတာတွေ မလုပ်ဖို့ ပြည်ပ သတင်းဌာနတွေကို တားမြစ်ထားတဲ့အတွက် အချက်အလက်တွေကို အတည်ပြုဖို့ကတော့ ခက်ခဲနေဆဲပါ။
အီရန် အရပ်သားတွေအပေါ် ဥပဒေမဲ့ သွေးထွက်သံယို နှိမ်နင်းနေတဲ့အပေါ် သမ္မတ အိမ်ဖြူတော်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။