သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းထားတဲ့ နိုင်ငံခြား ငါးဖမ်းသင်္ဘောသား ၁၀၀ ကျော် ပြန်လွှတ်


မြန်မာ့ရေပိုင်နက်ထဲမှာ တရားမဝင် ငါးဖမ်းမှုနဲ့ နိုဝင်ဘာလလယ်က ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခြားသား ငါးဖမ်းသမား ၁၂၈ ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲထားရာက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်ဝမ်က ၄ ဦးကတော့ အရင်ကတည်းက ဒဏ်ကြေး ပေးဆောင်ခဲ့ရပေမဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား ငါးဖမ်းသမားတွေကိုတော့ ဒဏ်ကြေးငွေ ပေးဆောင်စရာ မလိုဘဲ လွှတ်ပေးခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ သက်ဆိုင်ရာ သံရုံးတာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလလယ်တုန်းက မြန်မာ့ရေပိုင်နက်ထဲမှာ တရားမဝင် ငါးဖမ်းနေတဲ့ ငါးဖမ်းစက်လှေ ၁၀ စင်းကို ဖမ်းဆီးခဲ့တဲ့ အထဲမှာ အင်ဒိုနီးရှားက ငါးဖမ်းသမား ၁၀၀ ကျော်အပြင် ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံသား ငါးဖမ်းသမားတွေပါ ပါဝင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသား ငါးဖမ်းသမား အားလုံးပေါင်း ၁၁၁ ယောက်ကိုတော့ သောကြာနေ့မှာ မြန်မာအာဏာပိုင်တွေက ပြန်ပြီး လွှတ်ပေးခဲ့တယ်လို့ အင်ဒိုနီးရှားသံရုံးက တတိယအတွင်းဝန် မစ်စ် ဒိုင်ယက်စဖီ ခပ်လစ်စ်တာက ပြောပါတယ်။

“အားလုံးပေါင်း ငါးဖမ်းသမား ၁၁၁ ဦးကို ပြန်လွှတ်ပေးခဲ့တာပါ။ ၁၀၂ ယောက်ကတော့ ရန်ကုန် အင်းစိန် အကျဉ်းထောင်ကပါ။ ကျန် ၉ ယောက်ကတော့ ဘိတ်မှာ ဖမ်းထားတာပါ။ အခု အားလုံးကို ပြန်ပြီး လွှတ်ပေးလိုက်လို့ ဘိတ်မှာဖမ်းထားတဲ့ သူတွေကိုလည်း ကျမတို့ရုံးက သွားပြီး ခေါ်နေပါပြီ။ သူတို့အားလုံးကို ပြန်ပို့နိုင်ဖို့အတွက် လေယာဉ်ပျံလက်မှတ်ရဖို့ ကြိုးစားနေပါတယ်။” လို့ ပြောသွားပါတယ်။

အခုလောလောဆယ် အင်းစိန်ထောင်ထဲမှာ အကျဉ်းကျနေတဲ့ အင်ဒိုနီးရှား အကျဉ်းသားတွေကို တခြားမှာ ထားစရာနေရာ မရှိတဲ့အတွက် အင်ဒိုနီးရှားသံရုံးက သွားမခေါ်နိုင်သေးဘဲ လေယာဉ်ပျံလက်မှတ်ရမှ သွားခေါ်မယ်လို့လည်း ပြောပါတယ်။ အရင်တုန်းက ဒီလူတွေ အားလုံးအတွက် ဒဏ်ကြေးငွေ ပေးရမယ်လို့ ပြောခဲ့ပေမဲ့ အခုတော့ ဒဏ်ကြေးပေးစရာ မလိုဘဲ လွှတ်ပေးခဲ့တာလို့လည်း ပြောပါတယ်။

အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ ဖိလစ်ပိုင်နိုင်ငံသား ငါးဖမ်းသမား ၁၄ ဦးကိုလည်း သောကြာနေ့မတိုင်ခင် ၂ ရက်အလိုကတည်းက ပြန်ပြီးလွှတ်ပေးဖို့ နှုတ်နဲ့ အကြောင်းကြားခဲ့တာမို့ သောကြာနေ့မှာ ဖိလစ်ပိုင်သံရုံးက သွားရောက်ခေါ်ဆောင်ပြီး ဒီ ၁၄ ဦးကို လေယာဉ်ပျံနဲ့ ဖိလစ်ပိုင်နိုင်ငံကို ပြန်ပို့ပေးခဲ့တယ်လို့ ဖိလစ်ပိုင်သံရုံး ပြောခွင့်ရ မစ္စတာ ချတ် ဟာစင်တိုက ပြောပါတယ်။

“သူတို့က အခု ဖိလစ်ပိုင်နိုင်ငံမှာ ရောက်နေပါပြီ။ သူတို့ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့မှာ ပြန်ပြီး ပို့ပေးလိုက်ပါပြီ။ ၂၃ ရက်နေ့မှာ ပြန်ပြီးလွှတ်ပေးဖို့ နှုတ်နဲ့ အကြောင်းကြားခဲ့တာမို့ ၂၅ ရက်နေ့အရောက် ပြန်ပို့နိုင်ဖို့ စီစဉ်နိုင်တာပါ။” လို့ ပြောသွားပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ငွေ လုံးဝမဆောင်ဘဲ လွှတ်လိုက်တာလို့လည်း ပြောပါတယ်။

ထိုင်ဝမ် နိုင်ငံခြားရေးရုံးက ပြန်ကြားရေးတာဝန်ခံ ဂျွန်းအူးကတော့ ထိုင်ဝမ်နိုင်ငံသား ၄ ဦး ပြန်ပြီး လွှတ်ပေးတာကို အတည်ပြု ပြောကြားခဲ့ပါတယ်။

“ထိုင်ဝမ်နိုင်ငံသား ၄ ဦး ဒီနေ့ ပြန်ရောက်မယ်ဆိုတာ အတည်ပြုပြီး ပြောချင်ပါတယ်။ သင်္ဘောကပ္ပတိန် ၃ ဦးနဲ့ သင်္ဘောသား ၁ ဦးပါ။ သူတို့ဟာ ထိုင်ဝမ်က တိုင်ပေကို ဒီည ပြန်ရောက်မှာပါ။ သူတို့ကို ပြန်ပြီး လွှတ်ပေးလိုက်ပါပြီ။” လို့ ပြောသွားတာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံသားတွေ လွတ်မြောက်ဖို့ အတွက်တော့ အရင်ကတည်းက ဒဏ်ကြေးငွေ ပေးဆောင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ သူတို့ လွတ်မြောက်နိုင်ရေးအတွက် လုပ်ရိုးလုပ်စဉ်အတိုင်း အဆင့်ဆင့် လုပ်နိုင်ဖို့အတွက် တလကျော်ကြာအောင် အတော်ကြိုးပမ်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူတယောက် အတွက်တော့ တရုတ်နိုင်ငံ သံရုံးက သူလွတ်မြောက်နိုင်ဖို့အတွက် လုပ်ဆောင်ခဲ့ပါတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် နောင်မှာ ဒီလို နယ်မြေကျူးကျော်ပြီး ငါးဖမ်းမှုတွေ ကြုံတွေ့ခဲ့ရင်လည်း ပူးတွဲပြီး ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG