သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသေခံ ဗုံးခွဲတိုက်ခိုက်မှု ပါကစ္စတန် ၂၀ သေဆုံး


ပါကစ္စတန်နိုင်ငံ စီးပွားရေးမြို့တော် ကရာချိမြို့ ဆိပ်ကမ်းအနီးက လူနည်းစု ရှီယာမွတ်ဆလင်တွေရဲ့ အာရှူရာ (Ashura) ဘာသာရေးပွဲတော် ကျင်းပနေတဲ့ ဗလီတခုမှာ ဒီကနေ့ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ခဲ့တာကြောင့် လူအယောက် ၂၀ သေဆုံးသွားပြီး နောက်ထပ် လူ ၂၀ လောက်လည်း ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

ဒီဗုံးခွဲမှုဟာ ဒီရက်ပိုင်းအတွင်း ပါကစ္စတန်က လူနည်းစု ရှီယာမွတ်ဆလင်တွေအပေါ် ဒုတိယအကြီးဆုံး တိုက်ခိုက်မှုကြီးလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကလည်း အိန္ဒိယနဲ့ နယ်စပ်က ပါကစ္စတန် ထိန်းချုပ်တဲ့ ကက်ရှ်မီးယားပြည်နယ်မှာ အာရှူရာ ဘာသာရေးပွဲတော် ကျင်းပနေတဲ့ အချိန်မှာပဲ အသေခံ ဗုံးခွဲသမားက ရှီယာမွတ်ဆလင်တွေရဲ့ ဗလီတခုကို တိုက်ခိုက်ခဲ့တာကြောင့် ရဲအရာရှိ ၃ ယောက် အပါအဝင် အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့ကြရပြီး လူ ၈၀ ကျော် ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။

ပါကစ္စတန် ထိန်းချုပ်တဲ့ ကက်ရှ်မီးယားပြည်နယ်ရဲ့ မြို့တော် မူဇာဘာရာဘဒ်က ရှီယာမွတ်ဆလင် ဗလီတခုကို ဝင်ရောက်လာတဲ့ အသေခံ ဗုံးခွဲသမားကို ရဲက စစ်ဆေးရှာဖွေနေစဉ်မှာ သူက ဗုံးကို ဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။

ပါကစ္စတန်မှာ လူများစု ဆွန်နီမွတ်ဆလင်တွေနဲ့ လူနည်းစု ရှီယာမွတ်ဆလင်တွေကြားမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ နှစ်ပေါင်းများစွာ ဖြစ်ပွားနေပေမဲ့ ပါကစ္စတန် ထိန်းချုပ်တဲ့ ကက်ရှ်မီးယားပြည်နယ်မှာ လူနည်းစု ရှီယာမွတ်ဆလင်တွေကို တိုက်ခိုက်တာဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG