သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ဖောက်ခွဲဖို့ ကြံစည်မှု အရေးယူရေး သမ္မတ အိုဘားမား ကတိပေး


ခရစ္စမတ်နေ့က အမေရိကန် လေကြောင်းလိုင်း လေယာဉ်ကို တိုက်ခိုက်ဖို့ ကြံစည်မှုထဲမှာ ပါဝင်ပတ်သက်တဲ့သူတွေ၊ တာဝန်ရှိတဲ့သူတွေကို အရေးယူသွားမယ်လို့ သမ္မတ အိုဘားမား (Obama) က ပြောဆိုလိုက်ပါတယ်။ ဒီအဖြစ်အပျက်အပြီး သမ္မတ အိုဘားမားက ပထမဆုံးအကြိမ် လူသိရှင်ကြား အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ လေကြောင်းလုံခြုံရေး တိုးတက်အောင် နောက်ထပ် အရေးယူတာတွေ လုပ်ဖို့ သမ္မတ အိုဘားမားက အကြမ်းဖျင်းအားဖြင့် ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် ပေါ်လာ ၀ုဖ်ဆင် (Paula Wolfson) သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

ဒီလို လေယာဉ်ပျံကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ပေါ်လာပါတယ်၊ အဖြေတွေ ပေးနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါပြီလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

“အခုလို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အ၀ လုပ်ဆောင်နေပါပြီ။ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေ အားလုံးကို တွေ့အောင်ရှာပြီး အရေးမယူနိုင်မခြင်း ကျနော်တို့ အနားမနေကြပါဘူး။”

လေယာဉ် မြေပြင်ကို ဆင်းသက်ခါနီးမှာ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ လေယာဉ်ကို ဖောက်ခွဲဖို့ ကြိုးစားခဲ့သူ နိုင်ဂျီးရီးယားနိုင်ငံသား အူမာ ဖာရွတ် အဗ္ဗဒူလ်မူတာလက်ဘ် (Umar Farouk Abdulmutallab) ကို တရားစွဲဆိုထားပါပြီ။ တကယ်လို့ သူသာ ဖောက်ခွဲတာ အောင်မြင်ခဲ့မယ်ဆိုရင် လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည် ၃၀၀ ခန့် သေဆုံးသွားနိုင်တယ်လို့ သမ္မတ အိုဘားမားက အခုလိုပြောပါတယ်။

“ဒီအဖြစ်အပျက်ကတော့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေနဲ့ ကျနော်တို့ရဲ့ အမိမြေကို အန္တရာယ်ပြုတဲ့ သဘောသဘာဝတွေကို အထူးတလည် သတိပေးလိုက်တာပါပဲ။”

သမ္မတ အိုဘားမားဟာ သူ့ရဲ့ မိသားစုနဲ့ ဟာဝိုင်ယီကျွန်းမှာ အပန်းဖြေ အနားယူနေတုန်း သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားရဲ့ အမူအယာဟာ သိပ်ကို နက်နက်နဲနဲ စဉ်းစားနေပုံ ရပါတယ်။ လေယာဉ်ခရီးစဉ်တွေ လုံခြုံမှုအတွက် အစိုးရအနေနဲ့ ဘာတွေ လုပ်ခဲ့ကြတယ်၊ အခု ဘာတွေလုပ်နေပြီ၊ အမေရိကန် ပြည်သူတွေအတွက် လုံခြုံရေး စိတ်ချရအောင် အစိုးရက တတ်နိုင်တဲ့ဘက်က အားလုံး စီမံထားတယ်လို့လည်း ပြောပြပါတယ်။

လေကြောင်းလိုင်း ခရီးစဉ်တွေမှာ တရားဥပဒေ စိုးမိုးရေး အရာရှိတွေ တိုးပြီး တာဝန်ပေးထားတဲ့အကြောင်းနဲ့ ခရီးသည်တွေကိုလည်း လုံခြုံရေးအရ စစ်ဆေးတာတွေ၊ အန္တရာယ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စာရင်းဇယားတွေကို ကွန်ပျူတာနဲ့ စနစ်တကျ စာရင်းသွင်းထားတဲ့ အကြောင်းတွေကိုလည်း ပြောပြပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေးအဖွဲ့နဲ့ ပတ်သက်ပြီးတော့လည်း သူတို့ရဲ့ စိတ်ပိုင်းဖြတ်ချက်က ခိုင်မာပြတ်သားတယ်လို့ အခုလိုပြောပါတယ်။

“အာဖဂန်နစ္စတန် ဒါမှမဟုတ် ပါကစ္စတန်၊ ယီမင် ဒါမှမဟုတ် ဆိုမားလီးယားနိုင်ငံ ဘယ်မှာပဲဖြစ်ဖြစ် အမေရိကန် ပြည်ထောင်စု အမိမြေကို တိုက်ခိုက်ဖို့ ကြံစည်သူတွေကို ဘယ်သူပဲဖြစ်ဖြစ် အကြမ်းဖက်ဖို့ အန္တရာယ်ပြု ခြိမ်းခြောက်မယ့်သူတွေဆိုရင် ဖြိုခွဲဖို့၊ နှိမ်နင်းဖို့အတွက် လိုအပ်တဲ့ အရာအားလုံးကို အသုံးချပြီး ကျနော်တို့ရဲ့ အမျိုးသားအင်အားနဲ့ ဆက်လက် တိုက်ဖျက်သွားမှာပါ။”

အမေရိကန် ပြည်သူတွေ အနေနဲ့ အခု အလုပ်အားလပ်ရက် ရာသီနဲ့ လာမယ့် နှစ်သစ်ကူး အချိန်မှာ စိတ်ချစွာ ခရီးသွားနိုင်ကြပါတယ်၊ ဒါပေမဲ့ နိုးနိုးကြားကြား သတိရှိကြဖို့ကို သမ္မတ အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကနေ အမေရိကန်ပြည်ထောင်စု ဒိထရွိုက်မြို့ကို ပျံသန်းလာတဲ့ Northwest လေကြောင်းလိုင်းမှာ လိုက်ပါလာတဲ့ ခရီးသည်တွေကြောင့် အကြမ်းဖက်သမားကို အမိအရ ဖမ်းနိုင်ခဲ့ကြောင်း၊ သူတို့တွေဟာ လျှင်မြန် ဖျတ်လတ်ကြပြီး သူရဲကောင်းတွေပါပဲလို့ သမ္မတ အိုဘားမားက ချီးကျူးလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG