သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထင်ရှားတဲ့ အီရန် တက်ကြွလှုပ်ရှားသူ ၈ ဦး ဖမ်းဆီးခံရ


အစိုးရဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲ အသစ်တွေအတွင်း ပြုပြင်ပြောင်းလဲရေး လိုလားသူ အနည်းဆုံး ၈ ယောက် အဖမ်းခံခဲ့ရပြီး နောက်ဆက်တွဲ ဆန္ဒပြပွဲတွေမှာလည်း အနည်းဆုံး ၈ ယောက်လောက် အသတ်ခံခဲ့ရတယ်လို့ အီရန် အတိုက်အခံ အုပ်စုက ပြောပါတယ်။

အီရန် အတိုက်အခံခေါင်းဆောင် မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) ရဲ့ အကြံပေး ၃ ယောက်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၁ ယောက်၊ နောက် တခြားသူတွေဟာ တနင်္လာနေ့က အထိန်းသိမ်းခံထားရတယ်လို့ အတိုက်အခံ ဝက်ဘ်ဆိုက်တွေက ရေးသားထားပါတယ်။ အီရန်အစိုးရရဲ့ တီဗွီသတင်းက အတိုက်အခံတွေဘက်က အဖမ်းခံခဲ့ရတာကို အတည်ပြု ကြေညာခဲ့ပါတယ်။

တီဟီရန်မြို့လယ်မှာ အတိုက်အခံတွေကို ထောက်ခံသူတွေနဲ့ ရဲတွေအကြား ပဋိပက္ခတွေ ကြိုးကြားကြိုးကြား ဖြစ်နေတယ်လို့လည်း အတိုက်အခံ ဝက်ဘ်ဆိုက်တွေမှာ ရေးသားထားပါတယ်။

ရှီယာမွတ်ဆလင်တို့ရဲ့ အရှူရာ (Ashura) ဘာသာရေးပွဲနေ့မှာ ဖြစ်ပွားခဲ့တဲ့ တနင်္လာနေ့က အစိုးရဆန့်ကျင်ပွဲတွေ အတွင်း သေဆုံးခဲ့သူ ၈ ယောက်အနက် ၆ ယောက်တို့ရဲ့ အမည်စာရင်းကို ရဲအဖွဲ့က အီရန် ရုပ်မြင်သံကြားက ကြေညာပေးခဲ့ပါတယ်။

အီရန်ပြည်သူတွေအပေါ် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ အိုဘားမားကလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ တသဘောတည်း ရှိနေကြောင်း ဟာဝိုင်ယီကနေ ပြောလိုက်ပါတယ်။

အနောက်နိုင်ငံ အများစုက ဖိနှိပ်ခံနေရတဲ့ အီရန် နိုင်ငံရေး လှုပ်ရှားသူတွေဘက်က ရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ အီရန် ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ အစိုးရလုပ်ရပ်ကို ဥရောပသမဂ္ဂက ဝေဖန် ရှုတ်ချခဲ့ပါတယ်။ အီရန်အစိုးရအနေနဲ့ မိမိပြည်သူတွေကို အလေးထားရမယ်လို့ EU သမဂ္ဂရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဆွီဒင်အစိုးရကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG