သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံသားကို သေဒဏ်ပေး ကွပ်မျက်


မေတ္တာရပ်ခံမှုတွေ အကြိမ်ကြိမ်လုပ်နေတဲ့ ကြားက ဗြိတိန်နိုင်ငံသားတဦးကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ သေဒဏ် စီရင်လိုက်တာနဲ့ ပတ်သက်ပြီး လန်ဒန်မှာရှိတဲ့ တရုတ် သံအမတ်ကြီးကို ဗြိတိန်အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။ ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ဖုယင်း (Fu Ying) ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ပဲ ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို သေဒဏ် မစီရင်ဖို့ ဗြိတိန်အစိုးရနဲ့ သူ့ရဲ့ မိသားစုဝင်တွေက မေတ္တာရပ်ခံ ခဲ့ကြပေမဲ့လည်း တရုတ်အစိုးရကတော့ သေဒဏ် စီရင်လိုက်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပါတယ်။ သေဒဏ်အပေးခံခဲ့ရတဲ့သူဟာ စိတ်မနှံ့သူတဦးဖြစ်ပြီး ပြစ်မှုကျူးလွန်မှုထဲမှာ အကွက်ဆင်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်ထဲမှာ အသက် ၅၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသား အက်ခ်မေးလ် ရှိတ်ခ် (Akmal Shaikh) ကို သေဒဏ်မပေးဖို့ ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က မေတ္တာရပ်ခံခဲ့ပေမဲ့လည်း အခုလို သေဒဏ်စီရင်လိုက်တဲ့အတွက် သူ စိတ်ပျက်မိတဲ့အကြောင်း ထည့်သွင်း ရေးသားထားပါတယ်။

အခု သေဒဏ်စီရင်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသားဟာ တရုတ်နိုင်ငံအတွင်းမှာ နှစ်ပေါင်း ၅၀ ကာလအတွင်း ဥရောပနိုင်ငံသားတွေထဲက ပထမဦးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ သူ့ကို ၂၀၀၇ ခုနှစ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘိန်းဖြူ ဂရမ် ၄,၀၀၀ ကျော် တရုတ်ပြည်ထဲကို ယူလာတယ်လို့ တရုတ်အစိုးရဘက်က ပြောပါတယ်။

သေဒဏ်ကင်းလွတ်ခွင့်ပေးဖို့ မေတ္တာရပ်ခံထားတာကို တရုတ်အစိုးရက ငြင်းပယ်ခဲ့တဲ့အတွက်လည်း အထူးပဲ စိတ်ထိခိုက်ရတယ်လို့ သူ့ရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။ သေဒဏ်ပေးခံခဲ့ရတဲ့ အက်ခ်မေးလ် ရှိတ်ခ်ဟာ စိတ်ကစဉ့်ကလျားဖြစ်တဲ့ ရောဂါကို ခံစားနေရသူ ဖြစ်တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

ဗြိတိန်ဘက်က တရုတ်ကို ဝေဖန်တာတွေနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျန်ယုက အခုသေဒဏ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဗြိတိန် နှစ်နိုင်ငံကြား ဆက်ဆံရေးကို မထိခိုက်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ ဥပဒေကို လေးစားဖို့လည်း ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG