ဒီဇင်ဘာ ၃၀၊ ၂၀၀၉၊ ၂၀၀၉ ကုန်ဆုံးလို့ ၂၀၁၀ ခုနှစ် ရောက်လာပါပြီ။
မြန်မာနိုင်ငံ ပြီးခဲ့တဲ့တနှစ်တာကာလအတွင်း ကြုံရ ဆုံရ ရင်ဆိုင်ရတဲ့ လူထု ကျန်းမာရေးဆိုင်ရာ သတင်းတွေနဲ့ အဖြစ်အပျက်တွေကို အခု အပတ် ကျန်းမာရေး အစီအစဉ်မှာ အနှစ်ချုပ်ပြီး ပြန်လည် တင်ဆက်ထားပါတယ်။
နှစ်ဆန်းပိုင်းမှာပဲ အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ ဖို့ဝိန်းမြို့က မြန်မာ ကလေးငယ်တွေမှာ ခဲဆိပ်သင့်နေတယ်ဆိုတာ အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က တွေ့ရပြီး သတိပေးချက် ထုတ်ခဲ့ပါတယ်။ မြန်မာ ကလေးငယ်တွေ သုံးစွဲနေကြ ဒေါ်တွေးဂေါမုတ္တဆေးနဲ့ ဒေါ်ကျင်သူငယ်နာ ဝမ်းနုတ်ဆေးတွေမှာ ခဲနဲ့ အာဆင်းနစ် ဓါတ် ပါဝင်မှု မြင့်မားနေတယ်ဆိုတာကို အဲဒီ ကျန်းမာရေးအဖွဲ့က ဓါတ်ခွဲ စမ်းသပ် တွေ့လိုက်ပါတယ်။ ဒီနောက်တော့ မြန်မာနိုင်ငံတဝှမ်းက တိုင်းရင်းသားဆေးတွေရဲ့ စံချိန်စံညွှန်းတွေနဲ့ ပတ်သက်လို့ မြန်မာ တိုင်းရင်းဆေးတွေရဲ့ ဘေးကင်း စိတ်ချမှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံတွင်းက တိုင်းရင်းဆေးတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာနက ပြန်လည်စစ်ဆေးမှုတွေ မသုံးသင့်တဲ့ ဆေးဝါးတွေကို သတိပေးမှုတွေ အစိုးရပိုင် မီဒီယာတွေကတဆင့် ဖော်ပြလာပါတယ်။ မြန်မာ တိုင်းရင်းဆေးတင် မဟုတ်ပါဘူး၊ လက်ဖက်ကစလို့ မြန်မာ အစားအသောက်တွေ အတော်များများမှာ အန္တရာယ်ဖြစ်စေဆဲ ဓါတု ဆိုးဆေးတွေ ပါဝင်တယ် ဆိုတာကြောင့် အိမ်နီးချင်း နိုင်ငံတွေမှာ မြန်မာလက်ဖက်တွေနဲ့ အစားအစာအချို့ ရောင်းချမှုတွေကို ပိတ်ပင်တဲ့အထိဖြစ်ခဲ့ပါတယ်။
မြန်မာအာဏာပိုင်တွေ ကိုယ်တိုင်လည်း အသေအချာ ပြန်လည်စီစဉ်ပြီး ဈေးကွက်မှာရှိနေတဲ့ လက်ဖက်နဲ့ စားသောက်ဖွယ် တံဆိပ်အချို့ကို သုံးစွဲရန်မသင့်ဆိုပြီး တရားဝင် ပိတ်ပင်ခဲ့ပါတယ်။
ကမ္ဘာအဝှမ်း ငါးနှစ်အောက်ကလေးငယ်တွေ သေဆုံးမှုနှုန်းနဲ့ပတ်သက်လို့ ယူနီဆက် ကမ္ဘာကလေးသူငယ်များ ရံပုံငွေအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာတော့ ငါးနှစ်အောက် ကလေးငယ်သေဆုံးမှုပမာဏ အာရှမှာ အများဆုံး မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် တနှစ်အောက် ကလေးတွေ သေဆုံးမှုပိုများတယ်လို့ မြန်မာနိုင်ငံဆရာဝန်များအသင်းက ဒေါက်တာမြင့်ဇော်က ပြောခဲ့ပါတယ်။ ကာကွယ်ဆေးထိုးရေး အစီအမံတွေ လုပ်ထားပေမယ့် အဟာရချို့တဲ့မှုကြောင့် ဘေးရောဂါ ဝင်ရောက်ပြီး အသေအပျောက်များနေတာဖြစ်တယ်လို့ ပြောပါတယ်။
A H1N1 ဝက်တုပ်ကွေး ဗိုင်းရပ်ကတော့ အခု ၂၀၀၉ခုနှစ်အတွင်း ကမ္ဘာတဝှမ်းကို ခြိမ်းခြောက်ခဲ့တဲ့ ရောဂါဖြစ်ပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် ကိုယ်တိုင်က ကမ္ဘာကပ်ရောဂါဆိုးကြီးကျရောက်နေပြီးဆိုပြီး သတိပေးချက် ထုတ်ခဲ့ရတာပါ။ ကံကောင်းထောက်မစွာပဲ ကမ္ဘာရော အာရှမှာပါ ကပ်ရောဂါဆိုးကြီးဖြစ်ခဲ့တဲ့ H1N1 ဟာ မြန်မာနိုင်ငံမှာတော့ သိပ်ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းမှာ အစိုးရပိုင် မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သတိပေးချက်တွေ ထုတ်ပြန်ခဲ့သလို၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ရောဂါပိုး ကူးစက်ခံရသူတွေ အရည်အတွက်ဘယ်လောက်ရှိသလဲ. ရောဂါထိန်းချုပ်ရေးအတွက် ဘာတွေ ဆောင်ရွက်နေသလဲ သတင်းတွေ ထုတ်ပြန်ပေးခဲ့ပါတယ်။
၂၀၀၅ခုနှစ်တုန်းက မြန်မာနိုင်ငံကနေ ရုတ်သိမ်းသွားခဲ့တဲ့ အေစ့် ငှက်ဖျား တီဘီ ရောဂါသုံးမျိုးတိုက်ဖျက်ရေး ဂလိုဗယ်ဖန်းအဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို အကူအညီတွေ ပြန်ပေးဖို့ နိုဝင်ဘာလအတွင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်း ရောဂါသုံးမျိုး တိုက်ဖျက်ရေးအတွက် အလားအလာ အခြေအနေကောင်းတရပ် ကြုံလာရပြီလို့ လူထုကျန်းမာရေး လုပ်သားတွေက မျှော်လင့်ခဲ့ကြပါတယ်။ ဂလိုဗယ်ဖန်းအဖွဲ့ကြီးအနေနဲ့တော့ အခုအချိန်မှာ အကူအညီတွေ ထိရောက်ရေး အသေးစိတ် ဆောင်ရွက်စရာတွေအတွက် အာဏာပိုင်တွေနဲ့ ညှိုနှိုင်းဆောင်ရွက်နေဆဲရှိပါတယ်။
ဂလိုဖန်းအဖွဲ့ကြီး မြန်မာနိုင်ငံကို ပြန်ဝင်ဖို့ ပြင်နေချိန်မှာပဲ ငှက်ဖျားရောဂါကြောင့် ကလေးငယ်သေဆုံးမှုတွေ ကျဆင်းလာတယ်ဆိုတဲ့ WHO နိုင်ငံများစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်ဆိုတဲ့ သတင်းကောင်း ဒီနှစ် အကုန်ပိုင်းမှာပဲ ကြားရပါတယ်။ ငှက်ဖျားရောဂါ ထိန်းချုပ်ရေးအတွက် ရံပုံငွေ ပိုသုံးလာသလို ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေရဲ့ အောင်မြင်မှုကြောင့်ဖြစ်တယ်လို့ ရန်ကုန်က အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးက ပြောပါတယ်။
အခုလို ငှက်ဖျားရောဂါကြောင့် အသေအပျောက်နှုန်းတွေ ကျဆင်းလာတာဟာ ရောဂါတိုက်ဖျက်ရေး ရံပုံငွေရဲ့ အထောက်အပံ့လည်း ပါတယ်ဆိုတော့ ဂလိုဗယ်ဖန်း မြန်မာနိုင်ငံ ပြန်ကူညီမယ်ဆိုတဲ့သတင်းဟာ ငှက်ဖျား ရောဂါထိန်းချုပ်ရေးအတွက် တအားဖြစ်မှာအမှန်ပါ။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ရဲ့ အားနည်းချက်ကြောင့် ရံပုံငွေတွေ တိုးရပေမယ့် မှန်မှန်ကန်ကန် အသုံးမချနိုင်ရင် အောင်မြင်မှုမရှိနိုင်ဘူးလို့ အမေရိကန်ပြည်ထောင်စု ဂျွန်ဟောကင်း တက္ကသိုလ်က ဒေါက်တာရဲမွန်မြင့်က ပြောခဲ့ပါတယ်။
ဒီနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူထုကျန်းမာရေးနဲ့ ပညာပေးကိစ္စတွေမှာ ဖြစ်ထွန်း တိုးတက်မှုအချို့ မြင်ရတယ်လို့ပြောရမှာပါ။ အန္တရာယ်ရှိတဲ့ မြန်မာဆေးတွေ မြန်မာအစားအစာတွေကို အာဏာပိုင်တွေက အသေအချာ စီစစ်ပြီး လူထုကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန် အသိပေးတာမျိုးတွေရှိသလို၊ ဂလိုဖန်းလို နိုင်ငံတကာ အထောက်အပံ့တွေကြောင့် လူထုကျန်းမာရေးလုပ်သားတွေအတွက် တအားတတ်စေခဲ့ပါတယ်။ H1N1 လို ကမ္ဘာကပ်ရောဂါဆိုးကြီးကလည်း မြန်မာနိုင်ငံကို ထင်သလောက် အန္တရာယ်မပြုနိုင်ခဲ့ပါဘူး။
ဒါပေမယ့် နယ်အချို့ ဒေသအချို့မှာတော့ နှစ်စဉ်ဖြစ်နေကြ ဝမ်းရောဂါ သွေးလွန်တုပ်ကွေးရောဂါ တွေကတော့ ပုံမှန်အခြေအနေထက် ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရပါတယ်။ ခြုံကြည့်ရင်တော့ ဒီနှစ် မြန်မာနိုင်ငံမှာ လူထုကျန်းမာရေးဆိုင်ရာ အကြပ်အတည်းမျိုး အခြေအနေဆိုးမျိုး ဆိုးဆိုးဝါးဝါး မကြုံခဲ့ရဖူးလို့ ပြောရမှာပါ။