သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရနဲ့ ကချင် နယ်ခြားစောင့်ကိစ္စ သဘောတူညီမှု မရသေး


နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အတွက် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေး အဖွဲ့တို့ မနေ့က ထပ်မံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလို တွေ့ဆုံ ဆွေးနွေးရာကနေ ဘယ်လို အခြေအနေ ရရှိခဲ့ပါသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်းတို့အဖွဲ့ မနေ့ညနေပိုင်းက မြစ်ကြီးနားမှာ ထပ်မံဆွေးနွေးခဲ့ရာမှာ သဘောတူညီမှု မရခဲ့ကြဘူးလို့ KIO အဖွဲ့က ပြောပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဆွေးနွေးမှုတွေကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက စတင်ခဲ့တာဖြစ်ပြီး အခုဆွေးနွေးမှုဟာ ၉ ကြိမ်မြောက် ဖြစ်ပါတယ်။

မနေ့က ဆွေးနွေးမှုက အဖြေတစုံတရာ မရဘူးလို့ KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်းက ပြောပါတယ်။

“အခြေအနေအားလုံး ခါတိုင်းလိုပဲ ကောင်းပါတယ်ဗျ၊ ထူးခြားမှု ဘာမှမရှိဘူး၊ ဘာမှ မထူးခြားဘူး။ ဒါပေမဲ့ ဆက်ပြီး ဆွေးနွေးမယ်၊ တွေ့ဆုံဆွေးနွေးဖို့တော့ ဒါက တောက်လျှောက် ရှိသေးတယ်၊ အဲဒါလောက်ပါပဲ။ နှစ်သစ်မင်္ဂလာ၊ Happy New Year နော်။”

စတင်ဆွေးနွေးစဉ်ကလည်း KIO ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကို ငြင်းဆန်ခဲ့ပြီး ကချင်ပြည်နယ်စောင့်တပ်အဖြစ် ပြောင်းလဲဖို့ တင်ပြခဲ့ပါတယ်။ KIO က ပြီးခဲ့တဲ့ အောက်တိုဘာလ ဆွေးနွေးမှုမှာတော့ ပင်လုံစာချုပ်ပါ အချက်အလက်တွေကို သဘောတူမယ်ဆိုရင် လုံး၀ လက်နက်ချဖို့ အစီအစဉ် ရှိတယ်လို့လည်း တင်ပြခဲ့ပါတယ်။

စောစောပိုင်းသတင်းတွေ အရတော့ မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကို ဒီဇင်ဘာလကုန် နောက်ဆုံးထား သတ်မှတ်ခဲ့ပြီး ဒီကိစ္စကို စစ်ဘက်ရေးရာ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ဦးဆောင်ဆွေးနွေးတာ ဖြစ်ပါတယ်။

KIO အနေနဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေကို တင်ပြထားတာဆိုတော့ အခုတကြိမ် တွေ့ဆုံမှုမှာ အဆိုပြုချက် အသစ်တွေ မပါနိုင်ဘူးလို့ ကချင်သတင်းအယ်ဒီတာ ကိုနော်ဒင်းက သုံးသပ်ပါတယ်။

“ဒီအစည်းအဝေးမှာ KIO ထိပ်ပိုင်းခေါင်းဆောင်တွေ တော်တော်များများ သွားလိုက်တယ်ပြောတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေ အားလုံးနီးပါးပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ဒီမှာ နအဖဘက်က ဘာတွေ ပြောလာမလဲပေါ့၊ အဓိကတော့။ KIO ဘက်ကတော့ ပြောစရာရှိတာ အားလုံး ပြောထားပြီးပြီ၊ တင်ပြပြီးပြီ။ အဓိကတော့ အဲဒါပဲလို့ သူတို့ကပြောတယ်။

“အဲဒါကြောင့် ဒီတခေါက် အရေးတော့ ပါမှာပေါ့။ နအဖဘက်က ဘာပြောလာမလဲ၊ အဲဒီအပေါ်မှာ အခြေခံပြီးတော့ နောက်ဆက်တွဲ ဘယ်လိုမျိုး ပြဿနာတွေ ဖြစ်လာမယ်၊ အဲဒါတွေ ထပ်ပေါ်လာမှာပေါ့။ KIO ဘက်ကတော့ လာဆွေးနွေးတာ မဟုတ်တော့ဘူး၊ ဒီတခေါက်ကတော့။ တင်ပြတာလည်း မဟုတ်တော့ဘူး။ နအဖဘက်က ဘာပြောလာမလဲ။

“ဒါပေမဲ့ ကျနော်ကြားတာက နအဖဘက်က ကချင်ပြည်နယ် တိုင်းမှူးလောက်နဲ့ပဲ သူတို့ တွေ့ကြမယ်လို့ ပြောတော့ သိပ်ပြီးတော့ ထွေထွေထူးထူး တခုခု အကောင်းဘက်က ကမ်းလှမ်းတဲ့ဟာမျိုး တကယ်လို့ ပြောရင်တောင်မှ အဲဒါတော့ ဖြစ်မှာမဟုတ်ဘူး။ ကျနော့်အနေနဲ့ ဒါ သုံးသပ်တာပေါ့။”

KIO ဟာ UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ပြီးရင် အင်အားအကောင်းဆုံး ငြိမ်းအဖွဲ့တခု ဖြစ်ပါတယ်။ UWSA ကလည်း ပြီးခဲ့တဲ့လ ဆွေးနွေးမှုမှာ အချက် ၉ ချက်ပါတဲ့ တောင်းဆိုမှုကို တင်ပြခဲ့ပေမဲ့ စစ်အစိုးရဘက်က ပယ်ချခဲ့ပါတယ်။ အခုလို အင်အားကြီးတဲ့ အပစ်ခတ်ရပ် အဖွဲ့တွေက ငြင်းဆန်မှုတွေ ရှိလာတာကြောင့် စစ်အစိုးရဘက်ကလည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ သတ်မှတ်ရက်ကို ထပ်မံရွှေ့ဆိုင်းရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG