သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အစိုးရ ထောက်ခံသူတွေ လမ်းပေါ်ထွက်


ဒီနေ့ အီရန်က တီဟီရန်မြို့တော်နဲ့ တခြားမြို့တွေမှာ အီရန်အစိုးရ ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲကြီးတွေကို ဆင်နွှဲခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အတိုက်အခံတွေရဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကို ဆန့်ကျင်ကြောင်း အစိုးရက ပြသလိုပုံရတဲ့ ဒီဆန္ဒပြပွဲတွေမှာ လူတွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ပါဝင်ခဲ့ကြပါတယ်။ လူအုပ်ကြီးတွေဟာ အစိုးရကို ထောက်ခံတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ကြပြီး အီရန်ကို အုပ်ချုပ်နေတဲ့ သဘောထားတင်းမာသူ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပါတယ်။

အစိုးရက ဦးစီးတဲ့ ဒီဆန္ဒပြပွဲတွေဟာ တနင်္ဂနွေနေ့က ရှီယာမွတ်ဆလင်တွေရဲ့ အာရှူရာ (Ashura) ဘာသာရေးပွဲတော် ကျင်းပချိန်နဲ့ တိုက်ဆိုင်ပြီး အတိုက်အခံဘက်က ဆန္ဒပြမှုတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တာကို တုံ့ပြန်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က ရဲတွေ၊ လုံခြုံရေးတွေနဲ့ ဆန္ဒပြသူတွေရဲ့ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေမှာ လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရက ကြေညာပေမဲ့ သေဆုံးသူ အရေအတွက် ဒီ့ထက်မကဘူးလို့ အတိုက်အခံတွေဘက်က ဆိုပါတယ်။

အီရန်ရဲချုပ် ဗိုလ်ချုပ်ကြီး အစ္စမေးလ် အမာဒီ မက်ဂါဒမ် (General Ismail Ahmadi Moghaddam) ကတော့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အတိုက်အခံတွေရဲ့ လူစုလူဝေးတွေနဲ့ ဆန္ဒပြတာတွေကို အခုကစပြီး သည်းညည်းခံတော့မှာ မဟုတ်ဘဲ ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ သတိပေး ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG