သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား သမ္မတဟောင်း အဗ္ဗဒူရာမန် ဝါဟစ် ကွယ်လွန်


အသက် ၆၉ နှစ်အရွယ် အင်ဒိုနီးရှား သမ္မတဟောင်း အဗ္ဗဒူရာမန် ဝါဟစ် (Abdurrahman Wahid) ကွယ်လွန်သွားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။ မစ္စတာဝါဟစ်ဟာ မျက်လုံးကွယ်လုနီးပါးရှိပြီး ဆီးချို၊ လေဖြတ် ရောဂါတွေကိုလည်း ကာလအတော်ကြာ ကတည်းက ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာဝါဟစ်ဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့ ဂျကာတာဆေးရုံမှာပဲ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ဘာကြောင့်၊ ဘာရောဂါနဲ့ ကွယ်လွန်သွားသလဲ ဆိုတာကိုတော့ ထုတ်ပြန်မှု မရှိသေးပါဘူး။

ဂတ်စ်ဒါ (Gus Dur) လို့ သူ့ရဲ့ မဲဆန္ဒရှင်တွေက လူသိများတဲ့ မစ္စတာဝါဟစ်ဟာ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်ခဲ့သလို အင်ဒိုနီးရှားနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ ပထမဦးဆုံး သမ္မတကြီးလည်း ဖြစ်ပါတယ်။

အာဏာရှင်စနစ်နဲ့ စီးပွားရေး အကျပ်အတည်းတွေ၊ အကြမ်းဖက်မှုတွေနဲ့ ဆယ်စုနှစ် လေးစု ကြာပြီးတဲ့နောက် ၁၉၉၉ ခုနှစ်မှာ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံလာခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကို အဲဒီအကျပ်အတည်းကနေ သမ္မတတာဝန်ယူပြီး ဦးဆောင် ဆွဲထုတ်ခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကတိအတိုင်း အပြောင်းအလဲတွေ လုပ်ပေးဖို့ ပျက်ကွက်ခဲ့တာနဲ့ ဒေါ်လာသန်းချီတဲ့ ငွေအမှားအယွင်း ကိစ္စတွေမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရပြီးနောက် သူ့ရဲ့ နိုင်ငံရေး ကျော်ကြားမှုတွေဟာ အလျှင်အမြန် ဆိုသလိုပဲ အင်ဒိုနီးရှားနိုင်ငံမှာ ကျဆင်းသွားခဲ့ရပါတယ်။

မစ္စတာဝါဟစ်ဟာ သူ သမ္မတတာဝန်ယူပြီး ၂၁ လ အကြာ ၂၀၀၁ ခုနှစ်မှာ အင်ဒိုနီးရှား ပါလီမန်က သူ့ကို ထုတ်ပစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG