သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဖုန်းခ ၂ ဆတိုး


မနက်ဖြန်ကျရောက်မယ့် ၂၀၁၀ နှစ်သစ်ရဲ့ ပထမဆုံးရက် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံထဲက ပြည်တွင်း တယ်လီဖုန်းခေါ်ဆိုခ ဈေးနှုန်းတွေကို တပြေးညီ တိုးမြှင့်လိုက်တယ်ဆိုတဲ့ သတင်းက မြန်မာလူထုအကြားမှာ အတော်လေး ဂယက်ရိုက်နေပါတယ်။ ဒါဟာ ကုန်ဈေးနှုန်းတွေနဲ့ တခြား အစစအရာရာ ဈေးနှုန်းတွေပါ မြင့်တက်လာတော့မယ့် မကောင်းတဲ့ အရိပ်လက္ခဏာ တခုပဲဆိုပြီး လူထုအကြားမှာ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ တယ်လီဖုန်းခတွေ ဘယ်လောက်အထိ မြင့်တက်သွားတယ်၊ လူထုတွေကရော ဘယ်လို စိုးရိမ်မှုတွေ ရှိနေကြသလို ဆိုတာ မသင်းသီရိက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

လက်ကိုင်မိုဘိုင်းဖုန်း၊ အိမ်သုံး ကြိုးဖုန်းတွေနဲ့ CDMA ကမ်းရိုးတန်းသုံးဖုန်းဆိုပြီး တယ်လီဖုန်းတွေ အားလုံးဟာ အရင်က သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေကနေ တမိနစ်ကို တယ်လီဖုန်းခေါ်ဆိုခ ၅၀ ကျပ်အထိ တပြေးညီ တိုးမြှင့်လိုက်တယ်လို့ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ အရင်တုန်းက တမိနစ်ကို ကြိုးဖုန်းတွေက ၁၅ ကျပ်၊ မိုဘိုင်းဖုန်းတွေက ၂၅ ကျပ်ဆီ ဈေးသတ်မှတ်ထားရာက အခုတော့ ကျပ် ၅၀ အထိ ဈေးတက်မယ်ဆိုတော့ ၂ ဆနဲ့ ၃ ဆကြား ပျမ်းမျှ ဈေးတက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ မနက်ဖြန် ကျရောက်မယ့် ၂၀၁၀ နှစ်သစ်အတွက် မင်္ဂလာရှိတဲ့ သတင်းတခုတော့ မဟုတ်ဘူးလို့ ရန်ကုန် အိမ်ရှင်မတဦးက ဆိုပါတယ်။

“နှစ်သစ်မှာ အမင်္ဂလာလို့ပဲ ပြောရမှာပေါ့။ ကြိုးဖုန်းတွေက ၁၅ ကျပ်ကနေ ၅၀ ဖြစ်မယ်ပေါ့၊ ဟန်းဖုန်းတို့ ဘာတို့ကတော့ ၂၅ ကျပ်ကနေ ၅၀ ဖြစ်မယ်။ ကမ်းရိုးတန်းဖုန်းတွေ ဘာတွေကတော့ နဂိုကတည်းက ၃၀၊ ၃၀ ကနေ ၂ ဆလို့တော့ ပြောတယ်။ တရားဝင်ကတော့ အကြောင်းမကြားသေးဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်အရာပဲဖြစ်ဖြစ် ဈေးတက်သွားပြီဆိုရင် နဂိုကထက်တော့ ဈေးတက်ပြီပေါ့။ ဖုန်းကိုတက်ရင် နောက် မီတာတွေ ဘာတွေလည်း တက်ချင်တက်တော့မှာ သူတို့ကတော့။ တခုကို သွေးတိုးစမ်းတာမျိုးလို့ပဲ ကျမတော့ ထင်တယ်။ နှစ်သစ်မှာ ဒီလိုတက်တာတော့ မကောင်းဘူး ပေါ့ရှင်။”

သူပြောခဲ့သလိုပဲ ဒီသတင်းဟာ ပြည်တွင်းဂျာနယ်တချို့မှာ ရေးသားလို့သာ အများက သိနေကြရပေမဲ့ တယ်လီဖုန်း ပိုင်ရှင်တွေကို တရားဝင် အကြောင်းကြားတာ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့ တယ်လီဖုန်းရုံးမှာ တယ်လီဖုန်းခ သွားဆောင် သူတွေကိုတော့ ရုံးက တာဝန်ရှိသူတွေက နှုတ်နဲ့သာ ပြောဆိုလိုက်တာမျိုး ရှိနေတယ်လို့လည်း သိရပါတယ်။ ဒီသတင်းက လူထုကြားမှာ စိုးရိမ်မှုနဲ့အတူ အတော်လေး ဂယက်ရိုက်နေတဲ့ သတင်းတခု ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ရန်ကုန်မြို့ခံ တဦးက အခုလိုပြောပါတယ်။

“ဖုန်းခတွေ တက်မယ်ဆိုတာ ပြည်သူလူထုကို အသိမပေးဘူး။ အစိုးရရဲ့ အခွန်အတုပ်တွေတောင် တက်နေသေးတော့ ကုန်ဈေးနှုန်းက တက်နေဦးမှာပဲ။ အဓိက ကုန်ဈေးနှုန်း တက်ဦးမှာပေါ့။ လူထုကြားမှာတော့ မကျေနပ်တာတွေ ဘာတွေ ဖြစ်လာမှာပေါ့။ အစစအရာရာ ငွေရှာဖို့ ခဲယဉ်းနေရတဲ့ ကြားထဲမှာ သူတို့က သူတို့လိုအပ်တဲ့ ငွေရေးကြေးရေးကို လိုချင်တဲ့ အတွက် ပြည်သူလူထုကို အခွန်အတုပ်နဲ့ မျှားပြီး ကောက်နေမှတော့ ပြည်သူတွေက ပိုငတ်လာမယ်၊ ပိုပြီး ဆင်းရဲတွင်း နက်လာမယ်။ ဒါပဲရှိတာပဲပေါ့။”

တကယ်တော့ မြန်မာနိုင်ငံမှာ မိုဘိုင်း တယ်လီဖုန်းတွေကို သုံးနိုင်တယ်၊ အိမ်တွေမှာ ကြိုးဖုန်းရှိတယ်ဆိုတဲ့ လူတန်းစားက အတော်လေး နည်းပေမဲ့ အများသုံး လမ်းဘေး တယ်လီဖုန်းတွေနဲ့ လက်ရှိမှာ အတော်လေး အလုပ်ဖြစ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို တယ်လီဖုန်းခတွေ ၂ ဆ မြင့်တက်သွားတဲ့ ဈေးနှုန်းတွေကြောင့် အများသုံး တယ်လီဖုန်း လုပ်ငန်းရှင်တွေလည်း သူတို့ရဲ့ လုပ်ငန်းတွေ ထိခိုက်မယ်လို့ စီးပွားရေး လုပ်ငန်းရှင်တဦးက ခန့်မှန်းပါတယ်။

“ဒီလို တယ်လီဖုန်းဘီလ် တက်သွားတာက လူတန်းစား ပေါင်းစုံအတွက် မကောင်းဘူး။ စီးပွားရေးသမားတွေ အတွက်လည်း မကောင်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ပြည်သူလူထုတွေ အနေနဲ့ကလည်း စီးပွားရေးက အတော်လေးကို မကောင်းတဲ့ အချိန် ဖြစ်နေတာပေါ့။ သမာအာဇီဝနဲ့ ရှာရင် ဘယ်လိုပဲရှာရှာ တော်တော်ကြီးကို မကောင်းတဲ့ အခြေအနေမျိုး ဖြစ်နေတော့ ဒီလို ဖုန်းဘီလ်တွေ တက်တဲ့အတွက် စီးပွားရေး သမားတွေအနေနဲ့ ပိုပြီးတော့ ငွေရေးကြေးရေး အခက်အခဲ တွေ ဖြစ်ပါတယ်။

“တက်မယ်ဆိုရင်လည်း သူတို့ဘက်က ပေးရတဲ့ အခွန်အခနဲ့ စိတ်ကျေနပ်မှုရှိအောင် Service ပြန်ပေးသင့်တယ်။ ဒီနိုင်ငံမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ တယ်လီဖုန်း ပြောတော့မယ်ဆိုရင် အိမ်ထဲမှာ ပြောလို့မရဘူး။ ခြံပြင်ထွက် ပြောရတာနဲ့၊ ဝရန်တာ ပြေးထွက်ပြီး ပြောရတာနဲ့ ဒါမျိုးတွေ ဖြစ်နေတယ်။ ဒါမျိုးတွေက မဖြစ်သင့်ဘူး။”

စီးပွားရေး လုပ်ငန်းရှင်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

တယ်လီဖုန်းခေါ်ဆိုခ နှုန်းတွေကို မနက်ဖြန်ကစလို့ မြင့်တက်မယ်ဆိုတဲ့ သတင်းဂယက်က ကုန်ဈေးနှုန်းတွေနဲ့အတူ အခြား စရိတ်စကတွေပါ မြင့်တက်လာတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေက လူထုကြားမှာ နှစ်သစ်နဲ့အတူ ကြိုဆိုသလို ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG