အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသား ၈ ယောက် သေဆုံးခဲ့တဲ့ လုပ်ရပ်ကို သူတို့လုပ်ဆောင်ခဲ့တာလို့ တာလီဘန် သောင်းကျန်းသူတွေက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
သေဆုံးသူတွေထဲမှာ အမေရိကန် ဗဟို ထောက်လှမ်းရေးဌာန CIA ဝန်ထမ်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ခို့စ်တ် (Khost) ခရိုင်အတွင်းမှာရှိတဲ့ အမေရိကန် တပ်စခန်းအတွင်း ဖြစ်ပွားခဲ့တဲ့ အဲဒီ အသေခံ တိုက်ခိုက်မှုကို တာလီဘန်အတွက် တာဝန်ထမ်းဆောင်နေတဲ့ အာဖဂန် စစ်သားတယောက်က လုပ်ဆောင်ပေးခဲ့တာလို့ တာလီဘန် သောင်းကျန်းသူတွေရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီနေ့ ပြောကြားပါတယ်။
အားကစားလေ့ကျင့်တဲ့ နေရာနားမှာ သူ့ကိုယ်သူ အသေခံဗုံးခွဲ မတိုက်ခိုက်ခင် အဲဒီလူက အမေရိကန် တပ်စခန်းထဲကို ဝင်နိုင်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ လက်ရှိ CIA မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေနဲ့ CIA အတွက် အလုပ်လုပ်ပေးနေကြတဲ့ အရပ်သားတွေ ပါဝင်တယ်လို့ အမေရိကန် အရာရှိဟောင်းတွေနဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် အရာရှိတွေက ပြောကြပါတယ်။