သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) သူ့ရဲ့ လုံခြုံရေး အကြီးအကဲများနဲ့ အင်္ဂါနေ့က ၀ါရှင်တန်မှာ တွေ့ဆုံပြီး ခရစ္စမတ်နေ့က အမေရိကန် ခရီးသည်တင် ဂျက်လေယာဉ်ကို ဖောက်ခွဲဖို့ ကြိုးပမ်းတာမျိုး နောက်မဖြစ်အောင် တားဆီးရေး ဆွေးနွေးမယ်လို့ ကြေညာပါတယ်။
အမိမြေ လုံခြုံရေးဝန်ကြီး ဂျဲနက် နပိုလီတန်နို (Janet Napolitano) နဲ့ အခြား လုံခြုံရေး အကြီးတန်း တာဝန်ခံများက လူ့ရဲ့အမှားနဲ့ စနစ်အမှားတို့ကြောင့် အဲဒီလို ဖြစ်ရတာဆိုတဲ့ ကနဦး အစီရင်ခံစာများ ရရှိထားပြီး ဖြစ်တယ်၊ နောက်ဝင်လာမယ့် အစီရင်ခံစာတွေကိုလည်း သုံးသပ်သွားမယ်လို့ ကြာသပတေးနေ့ ကြေညာချက်ထဲမှာ သမ္မတ အိုဘားမားက ဖော်ပြထားပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံသား အူမာ ဖာရွတ် အဗ္ဗဒူလ်မူတာလက်ဘ် (Umar Farouk Abdulmutallab) ဘယ်လိုများ အမ်စတာဒမ်မြို့ကနေ ဒိထရွိုက်မြို့ကို ပျံသန်းခဲ့တဲ့ Northwest လေကြောင်းပိုင် လေယာဉ်ပျံထဲကို ဖောက်ခွဲပစ္စည်းတွေ သွင်းနိုင်သလဲဆိုတာ အေဂျင်စီများအကြား သုံးသပ်မှုတရပ် အိမ်ဖြူတော်က ပြုလုပ်နေပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ သူ့ရဲ့ဖခင်က အမေရိကန် တာဝန်ခံများထံ သတိပေးခဲ့တယ်၊ သူ့ရဲ့နာမည် အမေရိကန် ထောက်လှမ်းရေး စာရင်းထဲမှာ ပါပေမဲ့ လေယာဉ်တက်ခွင့် ပိတ်ပင်ထားတဲ့ စာရင်းထဲမှာတော့ မပါဘူးလို့ သတင်းများမှာ ဖော်ပြ ပါရှိပါတယ်။