သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု ဇန်နဝါရီ ၁၈ ကြားနာမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ်ချထားတာနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုလျှောက်ထားတာကို အခုလာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တရားရုံးချုပ်က ကြားနာစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီနေ့မှာပဲ အစိုးရဘက်ကလည်း ပြင်ဆင်မှုအဖြစ်တင်ထားတာကို ကြားနာစစ်ဆေးသွားမှာ ဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက လျှောက်လဲချက်တွေပေးသွားမှာဖြစ်တယ်လို့ ရှေ့နေ့ ဦးကြည်ဝင်းက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ်ချထားတာကို ပြင်ဆင်မှု လျောက်ထားတာနဲ့ ပတ်သက်ပြီး အခုလာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တရားရုံးက နှစ်ဖက် အပြီးသတ် လျှောက်လဲချက်တွေကို ကြားနာစစ်ဆေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် အတွက် တင်ထားတဲ့ ပြင်ဆင်မှု၊ ခင်ခင်ဝင်း တို့အတွက် တင်ထားတဲ့ ပြင်ဆင်မှု တရားရုံးချုပ်က လက်ခံလိုက်ပြီးတော့ အခု ၁ လပိုင်းမှ ၁၈ ရက်နေ့မှာ အပြီးသတ်လျှောက်ထားဖို့ရာ ရက်ချိန်းပေးပြီဖြစ်တယ်။ အဲဒီတော့ အဲဒီနေ့မှာပဲ အစိုးရဘက်ကတက်တဲ့ ပြင်ဆင်မှုကိုလည်း အဲဒီနေ့မှာပဲ အတူတူ ကြားနာဖို့ရာ ရက်ချိန်းပေးခြင်းဖြစ်တယ်။"

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ်ချထားတာအပေါ် အယူခံတာကို ပြီးခဲ့တဲ့ အောက်တိုဘာလက တိုင်းတရားရုံးက ပယ်ချခဲ့တဲ့အတွက် တရားရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တရားရုံးချုပ်မှာ အခုလိုမျိုး ပြင်ဆင်မှုအဖြစ် လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မရှိတော့ဘူးလို့ တိုင်းတရားရုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီနေ့မှာပဲ အစိုးရဘက်ကလည်း လျှောက်လဲချက်ပေးသွားမှာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

"အစိုးရဘက်က တက်တာက အမှုအမှတ် (၆၁၉/ခ) ၂၀၀၉ ဆိုပြီးတော့ တက်တယ်။ အဲဒါ သူတို့က ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မရှိတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ သူတို့က တက်တယ်။ သူတို့ဟာကိုလည်း လက်ခံလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်၊ ခင်ခင်ဝင်းတို့အတွက် ပြင်ဆင်မှုတွေကိုလည်း လက်ခံလိုက်တယ်။ လက်ခံလိုက်တယ်ဆိုရင် ဘာဖြစ်သွားမလဲဆိုတော့ နှစ်ဖက်အပြန်အလှန် လျှောက်လဲချက်ပေးရမှာပေါ့။"

ဗိုလ်ချုပ်မှုးကြီးသန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုးအတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေရဲ့ နိဒါန်းမှာ ၁၉၈၈ ခုနှစ် ပြည်တွင်း အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခုနှစ်အခြေခံဥပဒေဟာ ရပ်ဆိုင်းခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒါကြောင့် ၁၉၇၄ အခြေခံဥပဒေအပေါ်မှာ အခြေခံပြီးတော့ တရားစွဲဆိုတာဟာ ဥပဒေကြောင်းအရ သဘာဝမကျဘူးလို့ ဦးကြည်ဝင်းက ပြောပါတယ်။ ဒါပေမယ့် တိုင်းတရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို မရှိပါဘူးလို့ ဆုံးဖြတ်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံကိုပယ်ချခဲ့တဲ့အတွက် ဒီအမှုရဲ့ အလားအလာအပေါ်မှာ အများက အကောင်းမြင်မျှော်လင့်ချက် နည်းနေကြတယ်လို့ အခုလို ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG