ပြီးခဲ့တဲ့ ခရစ္စမတ်နေ့က အမေရိကန်ပြည်ထောင်စုကို ပျံသန်းလာတဲ့ နော့(သ်)၀က်(စ်) (Northwest) လေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ်ကြီးကို မအောင်မြင်တဲ့ ဗုံးဖေါက်ခွဲခဲ့မှုမှာ၊ ဒီလိုဖေါက်ခွဲဖို့ ကြိုးပမ်းခဲ့သူနဲ့ပတ်သက်ပြီး၊ လေယာဉ်ကိုဖောက်ခွဲဖျက်ဆီးဖို့ ယီမင် နိုင်ငံက အာရေဗျကျွန်းဆွယ်ထဲက အယ်လ်ခိုင်းဒါး ဆိုတဲ့ အကြမ်းဖက်အဖွဲ့က အစစအရာရာ စီစဉ်ခဲ့တာလို့ အမေရိကန်သမ္မတ ဘရက်(ခ်) အိုဘားမားက ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုလိုက်ပါတယ်။
အပတ်စဉ် စနေနေ့ ရေဒီယိုနဲ့အင်တာနက်ပေါ် ပြောကြားသွားခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းထဲမှာ ဒီအဖွဲ့ဟာ၊ ၂၀၀၈ ခုနှစ်က အမေရိကန် တယောက် သေဆုံးခဲ့ရတဲ့ ယီမင်နိုင်ငံက အမေရိကန်သံရုံးကို အကြမ်းဖက်တိုက်ခိုက်မှု အပါအ၀င်၊ အမေရိကန်ပြည်ထောင်စုကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့လည်း ပြောဆိုပြီးတော့၊ သူ့ရဲ့ အစိုးရဟာ ယီမင်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ သမ္မတ အိုဘားမားက ထုတ်ဖော်ပြောဆိုသွားပါတယ်။ အကြမ်းဖက် အဖွဲ့တွေနဲ့ စစ်သွေးကြွအဖွဲ့တွေအပေါ်မှာ သမ္မတ အိုဘားမားအစိုးရက လုံလောက်တဲ့ ကိုင်တွယ်လုပ်ဆောင်မှု မရှိဘူးလို့ အတိုက်အခံ ရီပက်ဘလစ်ကန်ပါတီက ဝေဖန်ပြစ်တင်နေပြီးတော့၊ သမ္မတ အိုဘားမားကတော့ ယီမင်နိုင်ငံထဲက အယ်လ်ခိုင်းဒါးနဲ့နွယ်နေတဲ့ အဖွဲ့တွေရဲ့ လေ့ကျင့်ရေး စခန်းတွေ၊ ခေါင်းဆောင်တွေကို အကြမ်းဖက်တိုက်ခိုက်မယ့် အစီအစဉ်တွေကို သုတ်သင်ချေမှုန်း ဖျက်ဆီးပစ်ခဲ့ပြီးပြီလို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးစနစ်တွေကို သူတို့ရဲ့အဖျက်နည်းလမ်းတွေနဲ့ စမ်းသပ်ကြည့်ဖို့ အယ်လ်ခိုင်းဒါး အကြမ်းဘက်အဖွဲ့က ဆက်ပြီး အခုလို တိုက်ခိုက်မှုတွေ လုပ်သွားဖို့ ရှိတယ်လို့ သူ သိရှိထားကြောင်း အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန National Counterterrorism Center ရဲ့ ညွှန်ကြားရေးမှူး မိုက်ကယ်(လ်) လိပ်တာ (Michael Leiter) က စနေနေ့က ပြောဆိုခဲ့ပါတယ်။