အကြမ်းဖက် တိုက်ခိုက်မယ့် ခြိမ်းခြောက်မှုတွေကြောင့် ယီမင်နိုင်ငံရှိ အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေကို ဒီကနေ့ပဲ ပိတ်လိုက်ပါတယ်။ ဒီခြိမ်းခြောက်မှုတွေဟာ အာရေဗျကျွန်းဆွယ် တခွင်မှာ ခြေကုပ်ယူ လှုပ်ရှားနေတဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ဆီက ဖြစ်တယ်လို့ ယီမင်နိုင်ငံမြို့တော် ဆန်နာက အမေရိကန်သံရုံးက ပြောပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ခရစ္စမတ်နေ့က အမေရိကန် ခရီးသည်တင် လေယာဉ်တစင်းကို ဖောက်ခွဲဖို့ ကြံစည်မှုနဲ့လည်း ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။
အခုလ ၂၈ ရက်နေ့ကျရင်လည်း ယီမင်နိုင်ငံနဲ့ ပတ်သက်ပြီး အဆင့်မြင့် နိုင်ငံတကာ အစည်းအဝေးတရပ်ကို ဗြိတိန်အစိုးရက လက်ခံကျင်းပဖို့ ရှိပါတယ်။ ဒီအစီအစဉ်တွေ အားလုံးဟာ ပြီးခဲ့တဲ့ ခရစ္စမတ်နေ့က အထမမြောက်ခဲ့တဲ့ ဗုံးဖောက်ခွဲဖို့ ကြံစည်မှု နောက်ပိုင်းမှ ပေါ်ပေါက်လာတာပါ။
အမေရိကန် ခရီးသည်တင် လေယာဉ်တစင်းကို ဖောက်ခွဲဖို့ ကြိုးစားမှုနဲ့ အဖမ်းခံခဲ့ရတဲ့ နိုင်ဂျီးရီးယား နိုင်ငံသားက သူ့ကို ယီမင်အခြေစိုက် အယ်လ်ကိုင်းဒါးအဖွဲ့က သင်တန်းတွေ ပေးခဲ့တာလို့ ပြောခဲ့ပါတယ်။