သုံးရလွယ်ကူစေသည့် Link များ

လေ့လာမှတ်သားသင့်တဲ့ သမိုင်းသင်ခန်းစာ


မြန်မာလွတ်လပ်ရေးသမိုင်းဦးကနေ ဒီနေ့ဒီအချိန်အထိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်း များ တစည်းတလုံးတည်း ရှိခဲ့တဲ့ကာလဟာ တကြိမ်ပဲ ရှိခဲ့ပါတယ်။ ဖတ်ဆစ်ဂျပန်ကို တော်လှန်ဖို့ ဖွဲ့စည်းခဲ့တဲ့ ဖက်စစ် တိုက်ဖျက်ရေးပြည်သူ့လွတ်မြောက်ရေး (ဖတပလ)၊ နောက်ပိုင်း ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြီး တစည်းတလုံးတည်းရှိခဲ့တဲ့ ၁၉၄၄ ခုနှစ်ကနေ ၁၉၄၆ ခုနှစ်အထိ ကာလတိုကလေးဖြစ်ပါတယ်။ လွတ်လပ်ရေး ရခဲ့ပေမဲ့ (၆၂) နှစ်ကာလပတ်လုံး နိုင်ငံမှာ စည်းလုံးညီညွတ်မှုကင်းမဲ့ခဲ့ရတဲ့အကြောင်းတရား အကျိုးတရားတွေကို နောင်မျိုးဆက်သစ် ဒီမိုကရေစီလှုပ်ရှားနေသူတွေ ဘယ်လိုသင်ခန်းစာထုတ်ယူကြမလဲဆိုတာ သိရှိနိုင်ဖို့ ဒီကနေ့ အစီအစဉ် မှာ ဖဆပလအဖွဲ့ကြီး မညီမညွှတ်ဖြစ်ခဲ့ရတဲ့ နောက်ခံကိုပြောပြကြသူများကတော့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဖဆပလ နံပတ်တစ်ခေါင်းဆောင်ဝန်ကြီးချုပ် ဦးနု နဲ့ နံပတ်နှစ်ခေါင်းဆောင် ဦးကျော်ငြိမ်း တို့ကြားမှာ သဘောထား ကွဲလွဲမှုပြဿနာတွေစုလာပြီးတော့ ၁၉၅၆ ခုနှစ် ဦးနု တရုတ်ပြည်ကို ခရီးထွက် နေစဉ် ဦးကျော်ငြိမ်းရဲ့ အစီအစဉ်နဲ့ နိုင်ငံခြားကို ဆန်တန်ချိန် (၅) သိန်း ရောင်းချလိုက်တဲ့ကိစ္စဟာ တယောက်နဲ့တယောက် မကျေမနပ်အပြန်အလှန် စာရေးကြပြီး ပေါက်ကွဲသွားစေတဲ့ လတ်တလောအကြောင်းရင်းဖြစ်တယ်လို့ သခင်ချန်ထွန်းက ဆိုပါတယ်။

သခင်ချန်ထွန်း ။ ။ ဦးကျော်ငြိမ်းကနေ ဒုတိယဝန်ကြီးချုပ်စီးပွားရေးဆိုတော့ သူကသဘာပတိဖြစ်နေတော့ သခင်သာခင်၊ ဦးထွန်းအုန်း၊ သခင်ကျော်ဒွန်း၊ ဦးရာရှစ် - ဝန်ကြီးက ဦးရာရှစ်။ ဒါပေမဲ့ ဦးကျော်ငြိမ်းဘက်ကို ကျန်တဲ့ (၃) ယောက်က လိုက်တဲ့အခါကျတော့ ဦးကျော်ငြိမ်း ပေးချင်တဲ့အတိုင်းပဲ ဒေါ်နုယဉ်ကို အဲဒီအတိုင်း ပေးလိုက်တာ။ တင်ဒါခေါ်တဲ့ သဘော မျိုး။ အဲဒါမျိုးတွေ ဦးရာရှစ်က ပြောပေမဲ့ မရတော့ဘဲ လုပ်လိုက်တာ။ ဦးနု က မကျေနပ်ဖြစ်တာ။ စာလေးနှစ်စောင်ဆိုတာ ဦးကျော်ငြိမ်း က ခဗျားအတွက်ဘယ်လိုလုပ်တယ်၊ ကျုပ်ဘယ်လောက် ကာကွယ်တယ်၊ ဘာလုပ်တယ်ညာလုပ်တယ်ပေါ့။ ဦးနုကလည်း မင်းအတွက် ဘာလုပ်တယ်ဆိုပြီး အဲဒါတွေဖြစ်လာတယ်။

ဦးရော်နီညိမ်း ။ ။ လွှတ်တော်မှာ အယုံအကြည်မရှိ တင်သွင်းတာ ဘယ်ခုနှစ်မှာလဲ။

သခင်ချန်ထွန်း ။ ။ ၁၉၅၈ ကွဲပြီး အခုန စာနှစ်စောင်ကြောင့် ကွဲပြီဆိုတော့ ဒါခွဲကြမယ်။ လွှတ်တော်မှာ မဲနဲ့ခွဲမယ်ဆိုပြီး ဦးကျော်ငြိမ်းက လုပ်တာပေါ့။ ဦးဘဆွေကြီး က နှစ်ဖက်ညှိတယ်။ ဦးနု က လက်မခံဘူး။ အဲဒီကနေ ဦးဘဆွေ က ကြားလူ ကနေ မထူးဘူးဆိုပြီး ဦးကျော်ငြိမ်းနဲ့ ပေါင်းလိုက်တာ။ လွှတ်တော်ခေါ်ရတဲ့ ဘဝကို ရောက်သွားတာ။ အစိုးရသစ်ဖွဲ့ဖို့ရာ။

ဦးရော်နီညိမ်း ။ ။ အဲဒါ သူတို့က ပါတီနှစ်ခု ညွှန့်ပေါင်းဖွဲ့ထားတာ မဟုတ်ဘူး။ အာဏာရပါတီတခုတည်းမှာပဲ သူတို့ အချင်းချင်းကွဲတာ ဘာဖြစ်လို့ လွှတ်တော်အထိ ယူလာရတာလဲ။ ကိုယ်ဘာသာ ပါတီထဲမှာ ဖွဲ့လို့မရဘူးလား။

သခင်ချန်ထွန်း ။ ။ ပါတီက ဝန်ကြီးချုပ်ရာထူးအတွက်လေ။ မဲခွဲကြတယ်အခါကျတော့ ဦးနု က ရှစ်မဲ နိုင်တာပေါ့။

ဦးရော်နီညိမ်း ။ ။ ကျနော်တို့ ပြန်ကောက်မယ်ဆိုရင် ဖဆပလကြီး။ အဲဒီပါတီကြီးက မညီမညွတ်တွေဖြစ်လာတဲ့အချိန် ၁၉၅၈ ခုနှစ်လောက်မှာ တတိယအုပ်စုဖြစ်တဲ့ တပ်မတော်က အဲဒီမှာ ဘယ်လိုဝင်လာသလဲ။ အကြမ်းမျဉ်းလေး ပြောပြပါ။

သခင်ချန်ထွန်း ။ ။ အဲဒီမှာ ကွဲလာတဲ့အခါကြတော့ သူတို့က အာဏာလွှဲပြောင်းပေးဖို့ရာဆိုပြီးတော့ ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်ချုပ်တင်ဖေ တို့လာကြတယ်။ ဒီလိုဆိုရင် အာဏာသိမ်းတယ်ဆိုတာ မကောင်းပါဘူး။ အဲဒီတော့ care-taker အနေနဲ့ ဦးနေဝင်း က ခြောက်လလုပ်ပါ။ အဲဒီကနေ ရွေးကောက်ပွဲလုပ်ပေးပါဆိုတဲ့ သဘောမျိုး ဦးနုက လုပ်တော့ ဦးနေဝင်းကလည်း ဦးနု အဆိုပြုတာကို လက်ခံပါတယ်ဆိုပြီးတော့ ကြားဖြတ်အစိုးရအနေနဲ့ ပေါ်လာတာ။

ဦးရော်နီညိမ်း ။ ။ နောက်တပိုင်းကို ဆက်သွားရအောင်ပါ။ အဲဒီလိုတွေဖြစ်ပြီးတော့ ၁၉၆၀ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း က ရွေးကောက်ပွဲ လုပ်ပေးတဲ့အခါမှာ သန့်ရှင်း ဖဆပလ က အပြတ်အသတ် နိုင်သွားတယ်။ နိုင်ပြီးတော့မှ ပြည်ထောင်စုပါတီ ဆိုပြီး ပါတီညီလာခံမှာ ပါတီနံမည်အသစ်တွေ ပေးပြီးမှ ပြည်ထောင်စုပါတီက ဦးဗိုလ်သခင် ထပ်ကွဲတယ်။ အဲဒါကို နောက်ဆုံးပိတ် ရှင်းပြပါ။

သခင်ချန်ထွန်း ။ ။ ဦးဗိုလ်သခင်ဆိုတော့ ဒီဖက်က သခင်ကျော်ဒွန်း က အထွေထွေအတွင်းရေးမှုး။ သခင်ကျော်ဒွန်းကို care taker government က ဓမြတိုက်မှုနဲ့ အမှုဆင်ပြီး ဖမ်းထားတယ်။ ဖမ်းထားတဲ့အခါကြတော့ ဦးနု က ဦးအုန်းကို အမေရိကန် သံအမတ်ကြီးကနေ ပြန်ခေါ်တယ်။ ခေါ်ပြီးတော့ ဦးအုန်းကိုလည်း အမှုဆောင်ထဲ ထည့်ခဲ့တယ်။ အထွေထွေ အတွင်းရေးမှုးအနေနဲ့ ဦးအုန်းကို အဆိုသွင်းတယ်။ ဗိုလ်မင်းခေါင် က အဲဒီအခြေအနေမှာ တွဲဖက်အတွင်းရေးမှုးဆိုတော့ acting general secretary ပေါ့။

ဦးရော်နီညိမ်း ။ ။ ခြုံငုံပြီး သိချင်တာက ခက်ခက်ခဲခဲနိုင်အောင် လုပ်ခဲ့တဲ့အချင်းချင်းကြားထဲမှာ ဘယ်လိုဖြစ်ပြီးတော့ ဦးဗိုလ်သခင် ထပ်ကွဲဖို့ သဘောတရားရေးအကြောင်း က ဘယ်လိုဖြစ်လာတာလဲ။ ဦးနု က ဒီစစ်ဗိုလ်တွေက ပညာ မတတ်ဘူး။ ငါ အားကိုးလို့မရဘူး။ သခင်တွေလည်း ဒီအတိုင်းပဲ လွတ်လပ်ရေးကြိုးပမ်းမှုမှာတော့ ပါလာတယ်။ သို့သော်လည်း ပညာမတတ်ဘူး။ ဦးအဖွဲ့တွေကတော့ အိုင်စီအက်စ်တို့ ဖြစ်တော့ ဒီလူတွေက ပညာတတ်တယ် သူတို့ကို ငါ အားကိုးမယ်ဆိုတဲ့ သူအနေနဲ့ ဒီလို နိုင်ငံရေး အမြင်သဘောတရား ရှိနေလို့လား။ လူကိုမဟုတ်ဘဲ။

သခင်ချန်ထွန်း ။ ။ ဦးနု ကတော့ ဝန်လုံတော်ကနေ အငြိမ်းစားတရားသူကြီးတွေကို ပိုပြီးတော့ အထင်ကြီးတာပေါ့။ သို့သော်လည်း အထဲမှာ ကွဲတဲ့အခါကျတော့ ဦးဗိုလ်သခင်အနေနဲ့ကြတော့ ဟိုဘက်က ဗိုလ်မင်းခေါင် ကလည်း သူကလည်း ခေါင်းဆောင်လုပ်ချင်တာပေါ့။

ဦးရော်နီညိမ်း ။ ။ ဒီလိုမျိုး အင်အားချိ့နဲ့ပြီး အချင်းချင်းကွဲမယ်ဆိုရင် နောက်တခါ တပ်မတော်က ဝင်လာမယ့် အနေအထား မျိုးကို မတွက်မိခဲ့ကြဘူးလား။

သခင်ချန်ထွန်း ။ ။ အခြေအနေမှန်ကို မသုံးသပ်တဲ့ နိုင်ငံရေးသမားတွေကလည်း ကိုယ်ဘာသာကွဲရင်ကွဲကွာဆိုတဲ့ သဘော မျိုးနဲ့ လုပ်လိုက်ကြတဲ့အခါကျတော့ လင်မယားလိုပေါ့.. တယောက်နဲ့တယောက်မတည့်တဲ့အခါ ဘာဆိုဘာမှ အကောင်းကို မမြင်တော့ဘူး အပြစ်ပဲပေါ့။ ဒီအတိုင်းပဲ ဖဆပလ ခေါင်းဆောင်တွေလည်း လူတွေပဲ။ ဘာပြောပြော ကွဲလာပြီးဆိုတော့ ထပ်ကွဲတော့ ဟိုဘက်က အာဏာကို တနှစ်ခွဲလောက် စောစောကလုပ်ခဲ့တော့ အရသာရှိနေတော့ ဒါသိနေတော့ ပြန်လို ချင်ပြီး စောစောက ဦးကျော်ငြိမ်း က အများကြီးတောင်းပန်းပေမဲ့ မရဘူး။ ဦးဘဆွေ ကလည်း ဦးကျော်ငြိမ်း ဘက်ကနေ အကုန်လုံး မကွဲပါနဲ့လို့ ဦးနုကို အမျိုးမျိုး တောင်းပန်းတယ်။ အဂတ၊ ဒေါသဖြစ်နေတဲ့အချိန်မှာ ဘာမှမစဉ်းစားဘူး ကိုယ် လုပ်ချင်တာပဲ သိကြတာ။ မိုက်မဲမှုပေါ့။ တိုင်းပြည်ရဲ့ ကံကြမ္မာပေါ့။

ဦးရော်နီညိမ်း ။ ။ အာဏာရ ဖဆပလအဖွဲ့ကြီး ပြိုကွဲသွားရတဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပေါ်ထွန်းသွားခဲ့တာ နှစ် (၅၀) နီးပါး ရှိလာခဲ့ပါပြီ။ အခုတော့ စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ပြီး ဒီမိုကရေစီ ရရှိအောင် ကြိုးပမ်းနေကြတဲ့ လူငယ်မျိုးဆက်သစ်တွေ ရှေ့က ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး ဘယ်လိုသင်ခန်းစာ ထုတ်ယူကြသလဲဆိုတာ ကြည့်ကြအောင်ပါ။ ကိုသွင်လင်းအောင် ဟာ ၁၉၈၈ ခုနှစ် လူထု အုံကြွမှု ကြီးမှာ ပထမနှစ် တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ အဖွဲ့ဝင် တဦး ဖြစ်ခဲ့ပါတယ်။ သူက ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ အဖမ်းခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် (၅) နှစ် ကျော်ကြာ ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ်မှာ ထောင်က လွတ်မြောက်ပြီး ရန်ကုန်-အမေရိကန် စင်တာ (Yangon-American Center) က ပေးအပ်တဲ့ပညာသင်ဆုနဲ့ သူရဲ့ ပညာရေးခရီးကို ရှေ့ဆက်ခဲ့ပါတယ်။ ထူးချွန်သူ ဖြစ်တာကြောင့် ၂၀၀၇ ခုနှစ် မတ်လမှာ အမေရိကန်ပြည်ထောင်စုကို တလကြာ ခရီးသွားရောက်ဖို့ သူကို အမေရိကန် စင်တာက ရွေးချယ်လိုက်ပါတယ်။ ကိုသွင်လင်းအောင် ဟာ မြန်မာနိုင်ငံကူး လက်မှတ်ရရှိခဲ့ပေမဲ့ အမေရိကန်စင်တာမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကအထွက် ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံရပြီး တစ်လကြာ အကျဉ်းကျခံခဲ့ရပါတယ်။ အခုတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိလာပြီး မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ ကိုသွင်လင်းအောင် ကို မြန်မာနိုင်ငံရဲ့ အနာဂတ်ဒီမိုကရေစီ အစစ်အမှန် ရရှိလာမယ့်အချိန်အခါအတွက် ရှေ့ကခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေအပေါ် ဘယ်လိုသင်ခန်းစာ ထုတ်ယူမလဲလို့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ကိုသွင်လင်းအောင် ။ ။ ဘာကြောင့် အဲဒီလိုဖြစ်ခဲ့သလဲဆိုတာကို သုံးသပ်ကြည့်တဲ့အခါတော့ အဓိက သုံးခု တွေ့တယ်။ ပထမတခုကတော့ ဝါဒရေးရာ၊ လွတ်လပ်ရေးမရခင်ကတည်းက ဖဆပလ အဖွဲ့ချုပ်ကနေ ကွန်မြူနစ်ပါတီ ထွက်သွားရတာ မျိုးတွေ ဖြစ်ခဲ့တယ်။ နောက်ပိုင်း လွတ်လပ်ရေးရပြီးတဲ့နောက်မှ ကွန်မြူနစ်ပါတီက တောခိုသွားတယ်။ လွတ်လပ်ရေး လှုပ်ရှားခဲ့သူတွေထဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်နေဝင်း တို့က အာဏာသိမ်းတာမျိုးတွေ ဖြစ်တယ်။ နောက် မဆလခေတ် တလျှောက်လုံးမှာ ဖဆပလ နဲ့ ကွန်မြူနစ်တွေက သူတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေပါ။ သူတို့အချင်းချင်း တယောက်နဲ့ တယောက် အသေအကြေ စစ်တွေတိုက်ခဲ့တဲ့အထိ အကွဲအပြဲတွေ ဖြစ်ခဲ့တယ်။ ဒါကို ပထမအချက် ဝါဒရေးရာအနေနဲ့ ဖြစ်တယ်လို့ မြင်တယ်။ ဒုတိယမြင်တာကတော့ အာဏာ လုကြတယ်။ ပုဂ္ဂိုလ်ရေးမာနတွေနဲ့ ဖြစ်ကြတယ်။ သန့်ရှင်းထဲမှာဘဲ အကွဲအပြဲတွေ ထပ်ဖြစ်။ နောက်ဆုံး တတိယအချက်ကတော့ လွတ်လပ်ရေးရသွားတဲ့အခါကြတော့ ဗမာပြည်ကို လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့ ကိုလိုနီအစိုးရ အင်္ဂလိပ်ရဲ့ သွေးထိုးမှုတွေ အဲဒါကြောင့်လည်း ဖြစ်ခဲ့ရတယ်။ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ်တွေဖြစ်တဲ့ကိစ္စတွေ အဲဒီလို သုံးခု ခွဲမြင်တယ်။ လွတ်လပ်ရေးသမိုင်းကို ပြန်ကြည့်တဲ့အခါကြတော့ တကယ် နိုင်ငံရေး မြင့်တက်ခဲ့တာ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်လောက်က စပြီး နိုင်ငံရေး မြင့်တက်တယ်။ အဲဒီကစပြီးတော့ လှုပ်ရှားကြတယ်။ ၁၉၄၈ ခုနှစ်အထိ လှုပ်ရှားတဲ့အခါကြတော့ အဲဒီနှစ်တွေ ပြန်တွက်ကြည့်ရင် ၁၂ နှစ် ရှိတယ်။ အခု ၁၉၈၈ ခုနှစ်က စခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြတော့ အခုဆိုရင် ၂၁ နှစ် ရှိခဲ့ပြီ။

ဦးရော်နီညိမ်း ။ ။ ဖြတ်ပြီးဆွေးနွေးချင်တာက ကိုသွင်လင်းအောင် ထောက်ပြတဲ့အချက်က ကျနော်တို့ ကမ္ဘာ့အခင်းအကျင်း မရှိဘူးလား။ အဲဒီအချိန်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သွားတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲကြီးမှာ ၁၉၃၆ သပိတ် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက ဒီ အပြောင်းအလဲ ကြီးကို ရအောင် ကိုယ်တိုင်းပြည်အတွက် အမြတ်ထုတ်နိုင်ခဲတယ်လို့ ကျနော်တို့က မြင်ကြည့်လို့ ရပါတယ်။ အခုအချိန်အထိ ၂၁ နှစ်ကြာလာတယ့်အခါမှာ ကျနော်တို့ အခု ကိုသွင်လင်းအောင် တို့လို မျိုးဆက်သစ်တွေက အဲဒီလိုမျိုး အခွင့်အရေးတခု ပေါ်လာခဲ့ရင် ငါတို့အနေနဲ့ ဟိုတုန်းက ခေါင်းဆောင်တွေ လုပ်ခဲ့သလို တိုင်းပြည်အတွက် ဒီအပေါ်မှာ အသုံးချပြီးတော့ ကြိုတင်ပြင်ဆင် ထားဖို့ စဉ်းစားထားပါသလား။

ကိုသွင်လင်းအောင် ။ ။ အဲဒီကိစ္စက ကြိုတင်ပြင်ဆင်တာထက် ကျနော်တို့ အခုသွားနေတဲ့ပုံစံကိုက အဲဒီ ပုံစံသွားနေရတယ် လို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု ကမ္ဘာပေါ်မှာ Super Power အင်အားကြီးတိုင်းပြည်ကြီးတွေက သူတို့ ဂုဏ်သိက္ခာတွေ၊ စီးပွားရေးလုပ်ကွက်တွေ လုနေကြတယ်အချိန်ဖြစ်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့က ကစားနေရတဲ့ သဘောလို့ မြင်တယ်။ ဥပမာ အမေရိကန်၊ အနောက်နိုင်ငံတို့က ကျနော်တို့ရဲ့ လှုပ်ရှားမှုကို ထောက်ပံ့တဲ့သဘောပေါ့။ သူတို့ကလည်း သူတို့ interest နဲ့ စိတ်ဝင်စားမှုနဲ့ ထောက်ပံ့တယ်။ အဲဒီအပေါ်မှာလည်း ကျနော်တို့က ကျနော်တို့အတွက် ဘာအကျိုးအမြတ်ရမလဲ။ တဖက်ကလည်း တရုတ်နဲ့ သူတို့ ကစားတဲ့အပေါ်မှာ တရုတ်ပြည်က ကျနော်တို့ ဘာ အကျိုးအမြတ်တွေ ရမလဲဆိုတဲ့ ပုံစံမျိုးနဲ့ ကစားနေရတယ်လို့ မြင်တယ်။ အဲဒါက လောလောဆယ် လုပ်နေရတယ်။ အခုန ပြောတဲ့ လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းတုန်းကတော့ အဲဒီအချိန်တုန်းက နိုင်ငံတွေရဲ့ စိတ်ဝင်စားမှု နဲ့ သူတို့ရဲ့ အပြောင်းအလဲ အရွေ့တွေက အရမ်းကို ကြီးမားတယ်၊ အရမ်းသိသာတယ်။ အဲဒီကရလိုက်တဲ့ အကျိုးအမြတ်ကတော့ ထင်ထင်ရှားရှားနဲ့ အချိန်အတိုအတွင်းမှာ ရလိုက်တယ်။ ကျနော်တို့ ဒီဘက်ခေတ်ကြတော့ အဲဒီခေတ်ကလိုမျိုး လက်နက် တွေနဲ့ တိုက်ပြီးတော့ တကယ့်ကြီးကြီးမားမားစစ်ပွဲတွေလည်း မရှိတော့ဘူး။ သူတို့က ကျိတ်ပြီးတော့ ပါဝါ ပြိုင်နေကြတယ်။ စီးပွားရေး၊ ဂုဏ်သိက္ခာတို့ အင်အားတွေ ပြိုင်နေတဲ့အပေါ်မှာ ကျနော်တို့က အခုအချိန်မှာ လုပ်နေတဲ့အလုပ်တွေက ရှင်းရှင်းပြောရင် သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေက ဘယ်လောက်အထိ အကျိုးအမြတ်ထွက်လာမလဲဆိုတဲ့ ပုံစံမျိုးနဲ့ ကစား နေ တယ်လို့ မြင်တယ်။

ဦးရော်နီညိမ်း ။ ။ ကိုသွင်လင်းအောင် ပြောသလို အဲဒီအချိန်တုန်းက ၁၉၃၆-၄၈ ကြားမှာ ၁၂ နှစ်လောက်နဲ့ ဒီခေါင်းဆောင် တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်အတွက် နိုင်ငံရေးအခြေအနေကို အမြတ်ထုတ်နိုင်ခဲ့ပေမဲ့ တကယ်တမ်း နိုင်ငံ လွတ်လပ်သွားပြီးတော့ နိုင်ငံရေးအာဏာတွေရလာတဲ့အခါမှာ ငယ်ရွယ်မှုကြောင့် မရင့်ကြတ်တဲ့အတွက်ကြောင့် မှားခဲ့တဲ့ အမှားမျိုးတွေက အခုအချိန်အထိ ကျနော်တို့ နောင်လာနောင်သားတွေ ခံစားနေရတဲ့ သဘောမျိုးကို ကျနော်တို့ မြင်ကြည့် လို့ ရသလား။ ကိုယ့်ကျရင်ကော ဒီသမိုင်းအမြင်နဲ့ မြင်ကြည့်လို့ရသလား။

ကိုသွင်လင်းအောင် ။ ။ ကျနော်တို့မှာလည်း အဲဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်လို့ ကျနော်တို့ အောင်ပွဲရသွားလို့ရှိရင် ကျနော်တို့ အသက်အရွယ်တွေကလည်း အဲဒီအတန်းလောက် ဖြစ်သွားတဲ့အခါကြတော့ အဲဒီလို အခက်အခဲတွေဖြစ်လာနိုင်တယ်။ ဒါပေမဲ့ တခုကတော့ ဘာ ကျနော်တို့က ကောင်းသွားသလဲဆိုတော့ လွတ်လပ်ရေး ပြီးသွားကတည်းက အဲဒီရှေ့ကလူတွေ မှားခဲ့တဲ့ အမှားတွေအပေါ်မှာ ကြည့်ပြီးတော့ တခုချင်းပေါ်မှာ သင်ခန်းစာယူပြီးတော့ ဒါတွေပြင်ရမယ်၊ ကွဲပြဲနိုင်တဲ့ ပြဿနာတွေကို ကျော်လွှာနိုင်မယ်။ ကျနော်တို့က ရှေ့ကလူတွေ ဖြတ်သန်းတာထက် နှစ်ဆလောက် ပိုပြီးဖြတ်သန်းရတဲ့အခါကြတော့ ပိုပြီးရင်းနှီးမှုတွေ ပိုရလာတယ်။ ရတဲ့အပေါ်မှာ ပိုပြီးနားလည်းမှုတွေ တည်ဆောက်ဖို့ နောက်တခုကတော့ အဲဒီခေတ်တုန်းက လွတ်လပ်ရေးကြိုးပမ်းသူတွေ ရင်ဆိုင်ခဲ့ရတဲ့ အစိုးရက ကျနော်တို့ အခုရင်ဆိုင်နေရတဲ့ အစိုးရထက် အများကြီး ပျော့ပျောင်းတယ်လို့ ပြောလို့ရတယ်။ ဆိုတော့ ကျနော်တို့က ဥပမာပေးရရင် အစ္စရေး ဂျူးလူမျိုးတွေက အရမ်းရက်စက်တဲ့ နာဇီအစိုးရနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါကျတော့ ပိုပြီး စည်းလုံးညီညွတ်သွားတယ်။ ဒီဘက်ခေတ် လူငယ်တွေကတော့ ဘာတခုပိုပြီး ဖြစ်လာသလဲဆိုတော့ ဒီမိုကရေစီရဲ့ အနှစ်သာရ လွတ်လပ်စွာ ကွဲလွဲခွင့်၊ မတူညီမှုရဲ့ အလှ အဲဒါမျိုးတွေကို ကျနော်တို့က နားလည်လာတယ်၊ ခံစားနိုင်တယ်လို့ ကျနော်မြင်တယ်။ အဲဒီအချက်မျိုးတွေနဲ့ ကျနော်တို့က အာဏာနဲ့ ပုဂ္ဂိုလ်ရေး မာနတွေကြောင့် ကွဲတဲ့ အကွဲအပြဲမျိုးတွေ ကြုံလာရင် ကျော်လွှာနိုင်လိမ့်မယ်လို့၊ ကျော်လွှာဖို့လည်း ကြိုစားသင့်တယ်လို့ မြင်တယ်။ လုံးဝ တရာ ရာခိုင်နှုန်း အောင်မြင်မယ် လို့တော့ ပြောလို့မရပေမဲ့ အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားသွားသင့်တယ်လို့ ယူဆပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG