သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲမှာ မှန်ကန်စွာ ဆုံးဖြတ်ကြဖို့ မြန်မာစစ်ခေါင်းဆောင် လွတ်လပ်ရေးနေ့ တိုက်တွန်း


ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသား ပြည်သူတွေအနေနဲ့ မှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ကြရမယ်လို့ ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာထဲမှာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်တွန်းထားပြီး တိုက်ရိုက် အကျယ်ချဲ့ ပြောကြားခြင်းတော့ မရှိပါဘူး။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာရေးအတွက် ရှေ့ဆက်သွားရမယ့် မူဝါဒလမ်းစဉ် ၇ ရပ်ဟာ ဒီမိုကရေစီ နိုင်ငံသစ်အဖြစ် ကူးပြောင်းရေးအတွက် တခုတည်းသော လမ်းစဉ်ဖြစ်တယ်လို့တော့ ပြောသွားပါတယ်။

၂၀၁၀ ခုနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ ယူဆတဲ့ အနောက်တိုင်း သံတမန်များက အဲဒီ မှန်ကန်စွာ ဆုံးဖြတ်ကြရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲလို့ မေးခွန်းထုတ်နေကြကြောင်း ရန်ကုန်ကလာတဲ့ သတင်းများမှာ ဖော်ပြထားပါတယ်။

စစ်အစိုးရ သတင်းစာတွေထဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာ အပြည့်အ၀ ဖော်ပြထားပေမဲ့ ရွေးကောက်ပွဲ ဘယ်လ ဘယ်ရက်မှာ ကျင်းပမယ် ဆိုတာတော့ ထည့်သွင်းထားခြင်း လုံးဝမရှိပါဘူး။

စစ်အစိုးရက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ကြီးလို့ ဆန်းစစ်သူတွေက ဝေဖန်နေကြပြီး ပါတီပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်အောင် လုပ်ဆောင်ဖို့လည်း နိုင်ငံတချို့က စစ်အစိုးရကို တိုက်တွန်းထားကြပါတယ်။

လွတ်လပ်ရေး ဦးတည်ချက် ၄ ရပ်လို့ သတ်မှတ်ထားတဲ့အထဲမှာ ပါဝင်တဲ့ ပြည်သူတရပ်လုံးက တခဲနက် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံသစ် ဆိုတဲ့အထဲမှာ ရွေးကောက်ပွဲဝင်ဖို့ မလိုဘဲ တပ်မတော် ကိုယ်စားလှယ် ၂၅% လွှတ်တော်ထဲမှာ ပါဝင်ရမယ်လို့ ဆိုထားပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက အနှစ် ၅၀ နီးပါး စစ်တပ်က မြန်မာပြည်ကို အုပ်ချုပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ရာ NLD က အပြတ်အသတ် အနိုင်ရရှိတဲ့အခါ အာဏာမလွှဲတဲ့အပြင် ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် အများအပြားလည်း အဖမ်းအဆီး ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG