သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနှစ်သာရပြည့်တဲ့ ပြန်လည်သင့်မြတ်မှု လွတ်လပ်ရေးနေ့ NLD တောင်းဆို


မြန်မာနိုင်ငံမှာ လက်ရှိ ဒီမိုကရေစီတိုက်ပွဲ ဝင်နေခြင်းဟာ ဒုတိယအကြိမ် လွတ်လပ်ရေးကို ရယူနေခြင်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ပြည်သူကပေးထားတဲ့ သဘောဆန္ဒအတိုင်း ဆက်လက်ဆုပ်ကိုင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ကျရောက်တဲ့ ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။ လွတ်လပ်ရေးနေ့ အခမ်းအနားတွေကိုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ကျင်းပကြသလို ထိုင်း၊ မြန်မာ နယ်စပ်မှာလည်း ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ရန်ကုန်အပါအဝင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း စတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေရှိရာ တိုင်းနဲ့ပြည်နယ် မြို့နယ် အသီးသီးမှာလည်း လွတ်လပ်ရေး အောင်ပွဲနေ့ကို ကျင်းပခဲ့ပြီး ဒီနေ့ကျင်းပရတဲ့ နိုင်ငံရေး အနှစ်သာရကိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က အခုလို ပြောပြပါတယ်။

“လွတ်လပ်ရေး အခမ်းအနား ကျင်းပတယ် ဆိုတာကတော့ တနှစ်ရဲ့ နိုင်ငံရေး အခမ်းအနားများရဲ့ အစအဦး ဖြစ်တာလည်း တကြောင်းပေါ့ဗျာ၊ ဒါလည်း ကျနော်တို့အဖို့ အလွန်အရေးကြီးတဲ့ သဘော ဆောင်ပါတယ်။ နောက်တပိုင်းက ကျနော်တို့ပါတီမှာ ကျနော်တို့က ဘယ်လိုသဘောထားလဲဆိုတော့ ကျနော်တို့ ဒီနေ့ ဆင်နွှဲနေတဲ့ တိုက်ပွဲက ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ၊ ဆိုတော့ ကျနော်တို့အဖို့က ပထမ လွတ်လပ်ရေးတိုက်ပွဲကလည်း ကျနော်တို့အဖို့ အလွန်အရေးကြီးတာပေါ့ဗျာ။

“ပထမလွတ်လပ်ရေး တိုက်ပွဲရဲ့ အနှစ်သာရတွေ၊ ဂုဏ်ဒြပ်တွေ၊ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေ၊ စိတ်ဓာတ်တွေ၊ ဒါတွေကို ကျနော်တို့က ဆုပ်မိ ကိုင်မိမှသာလျှင် ဒုတိယ လွတ်လပ်ရေးတိုက်ပွဲကလည်း ပိုပြီး အဓိပ္ပာယ် ပြည့်ဝမယ်၊ ပိုပြီး အင်အားပြည့်ဝမယ်၊ ရည်မှန်းချက်တွေ ပိုပြီးတော့ စူးရှထက်မြက်မယ်လို့ ပြောလို့ရတာကိုး။”

လွတ်လပ်ရေး အောင်ပွဲနေ့ကို ရန်ကုန်က NLD ဌာနချုပ်ရုံးမှာတော့ စကားရည်လုပွဲ အပါအဝင် ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြုလုပ်ခဲ့သလို တချို့နယ်မြို့တွေမှာတော့ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခြင်းတွေနဲ့ လွတ်လပ်ရေးပွဲကို လုပ်ခဲ့ကြပါတယ်။

NLD ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့၊ အဖွဲ့ချုပ်ရုံးတွေကို ဖွင့်ခွင့်ပေးဖို့ တောင်းဆိုထားတဲ့အကြောင်း ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေး အနှစ်သာရ ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုများ ထမြောက် အောင်မြင်စေဖို့အတွက် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက သာယာတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်တခုကို ဖန်တီးပေးပါလို့ တောင်းဆိုလိုတယ်၊ ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။ အဲဒီလို ကျနော်တို့ ဖော်ပြထားပါတယ်။

“အဲဒီလိုပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ ဆိုရင်တော့ အဖွဲ့ချုပ်ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးပါ။”

ရန်ကုန် အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အခမ်းအနားကိုတော့ ဝါရင့် နိုင်ငံရေးသမားတွေ၊ သံတမန်တွေ၊ နယ်မြို့အသီးသီးက အဖွဲ့ချုပ်ဝင်တွေ၊ ပါတီခေါင်းဆောင်တွေ အပါအဝင် လူအင်အား ၁,၅၀၀ လောက် တက်တယ်ဆိုပြီး ဦးအုန်းကြိုင်က ပြောပြခဲ့ပါတယ်။

အလားတူပဲ ဝါရင့် နိုင်ငံရေးသမားကြီးတွေကလည်း သဝဏ်လွှာတွေ ပေးပို့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝန်းရံသွားမယ်လို့ ဆိုပါတယ်။ NLD အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘဲ ၁၉၉၀ ပြည့်နှစ် ပြည်သူက ပေးအပ်ခဲ့တဲ့ သဘောထား ဆန္ဒအတိုင်း ဆက်လက်ဆုပ်ကိုင်လျက်ရှိတယ် ဆိုတာကိုလည်း ဦးဝင်းတင်က ဆက်ပြောသွားပါတယ်။

“၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကျနော်တို့ ဒီနေ့အထိ မစွန့်ပါဘူး။ စွန့်လည်းမစွန့်ဘူး၊ ကျနော်တို့ လက်ဆုပ်ထဲကလည်း ပစ်မချဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူက ကျနော်တို့ကို ပေးထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဆိုတာ၊ ၁၉၉၀ က ပေးလိုက်တဲ့ Mandate ပေ့ါဗျာ၊ အစိုးရအာဏာဟာ ကျနော်တို့လက်ထဲမှာ ရှိနေတုန်းပဲဗျ။

“ရှင်းရှင်းပြောရရင် ဒါ စက္ကူစုတ်လည်း မဟုတ်ဘူး၊ မြောင်းထဲကို ပစ်မချနိုင်ဘူး။ ဒါ ကျနော်တို့ ကိုင်စွဲထားမှာပဲ။ ကော်မရှင်ကလည်း ဒီရွေးကောက်ပွဲဟာ ပျက်ပြယ်သွားပြီ၊ ပြီးဆုံးသွားပြီ၊ တရားမဝင်တော့ဘူး၊ သက်တမ်းကုန်သွားပြီ ဆိုတာမျိုးလည်း ဒီနေ့အထိ မပြောဘူး။ ဘာမှမပြောဘဲနဲ့ ရွေးကောက်ပွဲကို နောက်ရွေးကောက်ပွဲတခုနဲ့ ကျော်နင်းဖို့ပဲ ကြိုးစားနေတဲ့ အနေအထား ပုံစံနဲ့ လုပ်နေတာကိုး။

“အဲဒီလုပ်နေတဲ့နေရာမှာ ကျနော်တို့က ဒါကြောင့် ဒီရွေးကောက်ပွဲကို လက်မခံနိုင်ဘူး။ လက်မခံနိုင်တာ ကျနော်တို့မှာရှိနေတဲ့ NLD ရဲ့ တင်ပြချက်က ဘာလဲဆိုတော့ တနည်းနည်းနဲ့ အသိအမှတ်ပြုပါ၊ ဒီရွေးကောက်ပွဲ ရလဒ်ဟာ ပြည်သူပေးတဲ့ ရလဒ် ဖြစ်ပါတယ်။ ဒီရလဒ်ကို ကျနော်တို့ကတော့ ကိုင်စွဲထားရမှာပဲ။”

ထိုင်း၊ မြန်မာနယ်စပ် ရွှေ့ပြောင်းအလုပ်သမား ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း တချို့မှာလည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေကို လုပ်ခဲ့ကြပါတယ်။ မြန်မာကလေးတွေ အနေနဲ့ လွတ်လပ်ရေး ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်တွေကို အတုယူနိုင်ဖို့နဲ့ သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG