ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ lock, stock, and barrel; hook, line, and sinker နဲ့ to take it with a pinch (grain) of salt တို့ ဖြစ်ကြပါတယ်။
ပထမတင်ပြပေးမဲ့ အီဒီယံအသုံးအနှုန်းက lock, stock, and barrel ဖြစ်ပါတယ်။ ဒီ စကားလုံးသုံးလုံးတွဲ အီဒီယံက လုံးဝဥသုံ၊ တခုလုံး၊ အပြီအပြတ် နောက်ထပ်လုံးဝမရှိ စတဲ့ အဓိပ္ပါယ်များဆောင်ပါတယ်။ ဒီ အီဒီယံ အသုံးအနှုန်းဖြစ်ပေါ်လာခဲ့တာ နှစ်ပေါင်းရာနဲ့ချီရှိခဲ့ပါပြီ။ သေနတ်ကို အကြောင်းပြပြီးတော့ ဆင်းသက်လာတဲ့ အီဒီယံအသုံးအနှုန်း ဖြစ်ပါတယ်။ သေနတ်မှာပါတဲ့ အပိုင်း (၃) ပိုင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။ Lock က သေနတ်မောင်းခလုတ်၊ Stock က သေနတ်ဒင်၊ Barrel သေနတ်ပြောင်း တို့ဖြစ်ပါတယ်။ သေနတ်တလက်မှာ ပါရမယ့် အင်္ဂါရပ်တွေ အပိုင်းအပြည့်အစုံ သဘောအတိုင်း ဒီအသုံးက ရည်ညွှန်းသုံးထားတာ ဖြစ်တဲ့အတွက်ကြောင့် lock stock and barrel လို့ ဆိုရင် အားလုံးအကုန် လုံးဝဥသုံပါတယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"ရေနံကုမ္မဏီတခုလုံး အားလုံးကို မစ္စတာ ရော့ခ်ကဖဲလား က ဝယ်ယူလိုက်တယ်။"
ဒီ အီဒီယံအသုံးကတော့ ကော်ပိုရေးရှင်းတခုလုံးကို ဝယ်လိုက်တဲ့နေရာမှာ အဆောက်အဦးအားလုံး၊ ရေနံတွင်းအားလုံး နဲ့ တခြားရပိုင်ခွင့်အားလုံးကို အကြုံဝင်တဲ့ အသုံးအနှုန်းအနေနဲ့ သုံးလိုက်တာဖြစ်ပါတယ်။
ဒုတိယတင်ပြပေးမဲ့ အီဒီယံအသုံးအနှုန်းက hook, line, and sinker ဖြစ်ပါတယ်။ မြန်မာဆိုရိုးစကားတွေဟာ ဓလေ့ကို အခြေခံသလို အင်္ဂလိပ်ဘာသာမှာလည်း ဓလေ့ကို အခြေခံပြီး ဆင်းသက်လာတဲ့ အသုံးအနှုန်းတွေ ရှိပါတယ်။ Hook က ငါးမျှားချိတ်၊ Line က ငါးမျှားကြိုး နဲ့ Sinker က ခဲသီး တို့ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းက ငါးမျှားသူများဆီက ဆင်းသက်လာတာဖြစ်ပါတယ်။ ငါးမျှားစာကို ဟပ်မိတဲ့ ငါးအနေနဲ့ ငါးမျှားချိတ်ကိုသာမက ငါးမျှားကြိုးကို ရေထဲနစ်အောင်လေးစေတဲ့ ခဲသီးကိုပါ မြိုချမိတဲ့ ငါးတကောင်ရဲ့  ဥပမာလို ပြောသမျှ၊ လိမ်သမျှအားလုံးကို ယုံနေတတ်တာကို hook, line and sinker ဆိုတဲ့ အသုံးအနှုန်းနဲ့ တင်စားပြောဆိုနိုင်ပါတယ်။ ဒါကြောင့် only a fool will swallow such a big lie hook, line and sinker လို့ ပြောလေ့ရှိကြပါတယ်။ ဥဏှောက်မရှိတဲ့ လူနလူအတွေဘဲ အခုလို ဗြောင်လိမ်တာကို မစဉ်းမစား လုံးဝယုံမှာဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"ကျနော် Sally ကို သတိပေးခဲ့တယ်။ ဒီလူက သူဘယ်လောက် ချမ်းသာသလဲဆိုတာကို ပြောပြတဲ့ဇာတ်လမ်းတွေကို မယုံပါနဲ့လို့။ ဒါပေမဲ့ Sally တယောက်ကတော့ သူပြောတာတွေကို အကုန်ယုံခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ လက်ထပ်ပြီးတဲ့နောက် သူ့ရုံးရှိ လူတွေကို အကြွေးတင်ပေးရမှာကို သိခဲ့ရတယ်။"
တကယ်တော့ အခုလို ညာလုံးဖြီးလုံးတွေကို ချင့်ချိန်ပြီးယုံသင့်ပါတယ်။ အင်္ဂလိပ်ဘာသာမှာ ချင့်ချိန်ပြီး ယုံသင့်တာကို to take it with a grain (pinch) of salt ဖြစ်ပါတယ်။ To take က ယူပါ၊ It က ဒီနေရာမှာ နာမ်စား တခုဖြစ်ပြီး With က နှင့်၊ Pinch က တတို့ နဲ့ Salt က ဆား တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က ဆားတတို့နဲ့ အဲဒါကို ချင့်ယုံပါ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတဲ့ သမိုင်းကတော့ ရှေးတုန်းက အဆိပ်အတောက်ကို ပြေစေတဲ့ ဆေးဖော်နည်းမှာ တခြားဆေးဖက်ဝင်တဲ့ ဆေးပစ္စည်းတွေအပြင် ဆားတတို့လည်း ပါတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ ဘယ်လိုဘဲ အန္တရာယ်ဖြစ်စေမဲ့ အဆိပ်ကိုဘဲ ခပ်ခပ် ဆားတတို့၊ ဆားတမှုန် နဲ့ တွဲစားနိုင်ရင် အန္တရာယ်ကို ပေါ့စေတဲ့သဘော ဖြစ်ပါတယ်။
ဒါကြောင့် ပြောသမျှကို မယုံနဲ့ ဆားတတို့လောက်နဲ့ ယှဉ်ပြီးတော့ ယုံပါ။ ဆားတတို့က ဥာဏ်အမြော်အမြင် ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥာဏ်အမြော်အမြင်နဲ့ ချင့်ချိန်ယုံလို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဆားတတို့အစား နောက်တမျိုးပြောနိုင်တာက to take it with a grain of salt ဖြစ်ပါတယ်။ ဒီနေရာမှာ grain က ဆားတပွင့် ဖြစ်ပါတယ်။ ဒီအတွက် pinch နဲ့ grain စကားလုံးကို အစားထိုးသုံးနိုင်ပါတယ်။ သင်္ကာမကင်း အခြေအနေ၊ အကြောင်းအရာတခုခုကို ဆားတပွင့် အသိပညာ ဆင်ခြင်ဥာဏ်နဲ့ သုံးသပ်ပြီး ယုံသင့်တယ်လို့ သွယ်ဝှက်အဓိပ္ပါယ် ရပါတယ်။ မြန်မာမှာတော့ လေလုံးထွားတတ်သူတွေရဲ့  ပြောစကားကို သုံးခွက်တခွက်ကြိုပြီးယုံပါလို့ ပြောဆိုကြတယ် မဟုတ်လား။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"ကျနော်တို့ ဦးလေး တွမ် ဇာတ်လမ်းတွေအများကြီး ပြောဆိုတတ်တယ်။ ဒါပေမဲ့ သူဇာတ်လမ်းတွေက တခါတလေ လုပ်ဇာတ်တွေ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က သူပြောသမျှကို ချင့်ချိန်ယုံကြတယ်။"