ယီမင်နိုင်ငံ အခြေအနေဟာ ဒေသတွင်းနဲ့ တကမ္ဘာလုံးရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။
ယီမင်နိုင်ငံမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့အတူ အယ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ယီမင်နိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မှု တွေအတွက် အခြေစိုက်နေရာ တခုအဖြစ် အသုံးချဖို့ ကြိုးပမ်းနေတာတွေဟာ တကမ္ဘာလုံးကို ဂယက်ရိုက်မှု ရှိနေတယ်လို့ မစ်စ် ကလင်တန်က သတိပေးသွားပါတယ်။
အမေရိကန်ကို အလည်အပတ် ရောက်ရှိနေတဲ့ ကာတာဝန်ကြီးချုပ် ဟာမက် ဘင် ဂျတ်စ်စင် ဂျာ အယ်လ်-ထာနီ (Hamad Bin Jassim Jabr Al-Thani) နဲ့ သတင်းစာရှင်းလင်းပွဲ မနေ့ တနင်္လာနေ့ နိုင်ငံခြားရေးဌာနမှာ ပြုလုပ်စဉ် ပြောဆိုသွားတာ ဖြစ်ပါတယ်။
ယီမင်နိုင်ငံဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံနဲ့ နယ်ချင်းစပ်မှာရှိတဲ့ သူပုန်တွေရဲ့ တောင်ပိုင်း ခွဲထွက်ရေး လှုပ်ရှားမှုနဲ့ ရင်ဆိုင်နေရသလို အယ်ကိုင်းဒါးတွေ ပြည်တွင်းမှာ ရှိနေတာကလည်း ပြဿနာတရပ်ပါ။ ဒါကြောင့် အနောက်နိုင်ငံ တွေကတော့ ယီမင်နိုင်ငံကို Failed State အဘက်ဘက်က ချွတ်ခြုံကျတဲ့နိုင်ငံ ဆိုပြီးတော့ သတ်မှတ်ခေါ်ဝေါ်ပါတယ်။
အခုလို ယီမင်မှာ အယ်ကိုင်းဒါးတွေရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကြောင့် အခုအပတ် အတွင်းမှာပဲ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်သံရုံးတွေ ပိတ်လိုက်ရပါတယ်။