သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုညီညီအောင်အမှု စွဲချက်ထပ်တိုး


မနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို ဒီနေ့ အင်းစိန် အထူးတရားရုံးက မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်တဲ့ ဥပဒေနဲ့ စွဲချက်တင်လိုက်တယ်လို့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာစံတွေနဲ့အညီ ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက ဖိအားပေးနေတဲ့အပြင် ဒီအမှုကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု ၂ မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ အရင်တုန်းက စာရွက်စာတမ်းအတု ကိုင်ဆောင်မှုမှာ ပုဒ်မ ၂ မျိုးခွဲပြီး ပုဒ်မ ၄၆၈ နဲ့ လိမ်လည်မှုပုဒ်မ ၄၂၀ နဲ့ တရားစွဲဆိုခဲ့ပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ပုဒ်မ ၄၂၀ ကိုဖြုတ်ပြီး ပုဒ်မ ၄၆၈ နဲ့သာ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ရုံးထုတ်တဲ့အခါမှာလည်း စွဲချက်တင်ထားတဲ့ အမှု ၂ ခုဖြစ်တဲ့ စာရွက်စာတမ်း ကိုင်ဆောင်မှုနဲ့ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု ၂ ခုအတွက် သက်သေတွေကို ဆက်ပြီး စစ်ဆေးခဲ့တယ်လို့ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပထမအမှုက ပုဒ်မ ၄၂၀ ရယ်၊ ပုဒ်မ ၄၆၈ ရယ်၊ ဟိုတနေ့က စွဲချက်တင်တော့ ၄၂၀ ကို ဖြုတ်လိုက်တယ်။ အခု အဲဒီအမှုအတွက် ဒီနေ့ စစ်ပြီးသား သက်သေတဦးကို အန်ကယ်တို့ ပြန်ခေါ်စစ်တယ်။ နောက် ဒုတိယတမှုက နိုင်ငံခြားငွေအမှု၊ နိုင်ငံခြားငွေအမှုမှာလည်း သက်သေတဦးကို အန်ကယ်တို့ ဒီနေ့ ပြန်ခေါ်စစ်တယ်။”

အရင်စွဲချက်တင်ခဲ့တဲ့ အမှု ၂ ခုအတွက် သက်သေတွေကို စစ်ဆေးခဲ့တဲ့အပြင် ဗိုလ်တထောင်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးက တရားစွဲဆိုခဲ့တဲ့ မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်တဲ့ ဥပဒေအရ အရေးယူတဲ့ အမှုနဲ့ ပတ်သက်ပြီးလည်း ဒီကနေ့ တရားရုံးက စွဲချက်တင်ခဲ့တယ်လို့ ပြောပါတယ်။

“နောက် တတိယတမှုက မှတ်ပုံတင်ဥပဒေအရ အရေးယူတဲ့ဟာ။ ဒီနေ့ တရားလိုပြ သက်သေတဦးကို စစ်တယ်။ စစ်ပြီးတော့ တရားရုံးက စွဲချက် အမိန့်ချတယ်။ အဲတော့ လာမယ့် ၈ ရက်နေ့မှာ ၃ မှုစလုံးအတွက် စစ်မယ်။”

အရင်ကစွဲချက်တင်ထားတဲ့ စာရွက်စာတမ်းအတု ကိုင်ဆောင်မှုဟာ ထောင်ဒဏ်ပြစ်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သလို နောက်ဆုံးတင်တဲ့ မှတ်ပုံတင်ဥပဒေအရ အရေးယူမှုကနေလည်း ၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီနေ့ ရုံးထုတ်စစ်ဆေးတဲ့ တရားခွင်ကို အမေရိကန်သံရုံး တာဝန်ရှိသူတွေလည်း တက်ရောက်ခွင့် ရခဲ့တယ်လို့ ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

“အမေရိကန်သံရုံး တာဝန်ရှိသူတွေ ဒီနေ့ တရားခွင်ကို သွားရောက်ခဲ့ပါတယ်။ ဒီအမှုကို ဇန်နဝါရီလ ၈ ရက်နေ့မှာ ဆက်ပြီး စစ်ဦးမှာပါ။” လို့ ပြောသွားပါတယ်။

ဒါ့အပြင် ဒီအမှုနဲ့ ပတ်သက်ပြီး မျက်ခြည်မပြတ် စောင့်ကြည့်နေမှာ ဖြစ်ကြောင်းနဲ့ ဒီအမှုကို နိုင်ငံတကာ စံတွေနဲ့အညီ ဆောင်ရွက်ဖို့အတွက် မြန်မာအာဏာပိုင်တွေကို အမေရိကန် အစိုးရက ဆက်ပြီး ဖိအားပေးနေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်သံရုံး တာဝန်ခံတွေဟာ ကိုညီညီအောင်ကို တွေ့ခွင့်ရဖို့အတွက် အကြိမ်ကြိမ် တောင်းခံခဲ့ရပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ကတော့ တွေ့ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

“ဒီဇင်ဘာလ ၂၈ ရက်နေ့က သီးသန့်တွေ့ခွင့် ရခဲ့ပါတယ်။ အဲဒီမှာပဲ သူ အစာငတ်ခံ ဆန္ဒပြနေတာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ရပ်လိုက်ပြီ ဆိုတာနဲ့ ဆေးကုသခွင့် ပုံမှန်ရနေတယ်ဆိုတာ သိရပါတယ်။” လို့ ပြောသွားပါတယ်။ ဒါပေမဲ့ သူ့ကို သီးသန့်ခွဲပြီး ထားတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်သံရုံး တာဝန်ခံတွေအနေနဲ့ သူနဲ့ ပုံမှန်တွေ့ခွင့်ရဖို့အတွက် ကြိုးစားနေတဲ့အပြင် သူ့မိသားစုတွေ၊ သူ့ကိုယ်စားလှယ်တွေနဲ့လည်း မပြတ် ဆက်သွယ်နေပါတယ်လို့ ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG