သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်က အမေရိကန်သံရုံး ပြန်ဖွင့်


သံရုံးရဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်လာခဲ့တာကို ယီမင်တပ်ဖွဲ့တွေက အောင်အောင်မြင်မြင် ကိုင်တွယ်ပြီးတဲ့နောက် ယီမင်နိုင်ငံရဲ့ မြို့တော် ဆာနား (Sana'a) မှာရှိတဲ့ အမေရိကန်သံရုံးကို အင်္ဂါနေ့က ပြန်ဖွင့်လိုက်ပါပြီ။ သံရုံးကို တိုက်ခိုက်မယ် ဆိုတဲ့အတွက် ၂ ရက်ကြာ ပိတ်ထားခဲ့ရပါတယ်။

ဆာနားမြို့ မြောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကို တနင်္လာနေ့က တိုက်ခိုက်ခြင်းအားဖြင့် အမေရိကန်က စိုးရိမ်နေတာတွေကို ယီမင်အစိုးရက ကိုင်တွယ်ခဲ့ပါတယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။ ဒါပေမဲ့ ယီမင်မှာရှိတဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကတော့ အတိုက်ခံရမယ့် အန္တရာယ် ရှိမြဲ ရှိနေသေးတယ်လို့ သတိပေးထားပါတယ်။

အယ်လ်ကိုင်းဒါးအဖွဲ့က တိုက်ခိုက်လာမယ့် အလားအလာ ရှိတာကြောင့် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က သူတို့ရဲ့သံရုံးကို တနင်္ဂနွေနေ့က ပိတ်ခဲ့ကြပါတယ်။ တခြား နိုင်ငံတချို့ကလည်း သူတို့သံရုံးတွေကို လိုက်ပိတ်ခဲ့ကြပါတယ်။

ယီမင်တပ်ဖွဲ့တွေက ခြိမ်းခြောက်တဲ့ အယ်လ်ကိုင်းဒါးအဖွဲ့ကို တနင်္လာနေ့က တိုက်ခိုက်ခဲ့ပြီး အယ်လ်ကိုင်းဒါးအဖွဲ့ဝင် ၂ ယောက်ကို အသေဖမ်းမိခဲ့တယ်လို့ ကြေညာပါတယ်။ တခြား သံသယရှိသူ ၅ ယောက်ကိုလည်း မြို့တော် ဟိုဒေးဒါး (Hodeida) မြောက်ပိုင်းဒေသမှာ ဖမ်းဆီးမိခဲ့တယ်လို့ ယီမင်အစိုးရက ပြောပါတယ်။

ယီမင်နိုင်ငံမှာ မတည်ငြိမ်မှုတွေဟာ ဒေသတွင်း လုံခြုံရေးနဲ့ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က တနင်္လာနေ့က ပြောပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ ရှီအာ ခွဲထွက်ရေး သူပုန်တွေကို တိုက်ခိုက်နေရတဲ့အပြင် အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေ တိုးများလာတာကိုလည်း ယီမင်အစိုးရက ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG