သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလွတ်သတင်းထောက် လှလှဝင်း ထောင်ဒဏ် နှစ် ၂၀ ချခံရမှု မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ ရှုတ်ချ


ပြည်ပအခြေစိုက် သတင်းဌာနအတွက် အလုပ်လုပ်ပေးလို့ ထောင်ဒဏ်နှစ်ရှည် ပြစ်ဒဏ်တွေ ပေးအပ်ခဲ့တဲ့အတွက် သတင်းလွတ်လပ်ခွင့် စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ အထူးသဖြင့်ကတော့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ပြောဆိုနေချိန်မှာ ဒီလို အခြေခံ အခွင့်အရေးတွေကို အကာအကွယ် မပေးနိုင်ဘဲ ဖြစ်နေရတာမို့ စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နော်ဝေးနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) အတွက် ရုပ်သံ အလွတ်သတင်းထောက်အဖြစ် ဆောင်ရွက်နေသူ မလှလှဝင်းနဲ့ သူနဲ့အတူ သတင်းယူရာမှာ လိုက်ပါသွားသူ ကိုမြင့်နိုင်တို့ကို နှစ်ရှည်ထောင်ဒဏ်တွေ စစ်အစိုးရက ချမှတ်လိုက်တာမို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) နဲ့ မြန်မာသတင်းသမဂ္ဂ (BMA) တို့က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲတုန်းက မကွေးတိုင်း ပခုက္ကူမြို့မှာ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အရေးယူ ပြစ်ဒဏ်ပေးမှုတွေနဲ့ ကြုံခဲ့ရတာလို့ မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး အဖွဲ့ဝင် ဦးစံမိုးဝေက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ပခုက္ကူမှာရှိတဲ့ စာသင်တိုက်တခုမှာ သွားပြီးတော့ သူက အဲဒီက ဘယဆေးဆရာ တယောက်ရဲ့အိမ်မှာ တည်းတယ်။ ပြီးတော့ သူ့မိတ်ဆွေတယောက်နဲ့ သွားပြီးတော့ စာသင်တိုက်တတိုက်မှာ ဘုန်းကြီးတွေနဲ့ အင်တာဗျူးလုပ်တယ်။ အဲဒီစာသင်တိုက်က အထွက်မှာ အဖမ်းခံရတာပဲ။

“အဖမ်းခံရပြီး သူတို့ကို အရေးယူလိုက်တာကျတော့ သူတို့စီးလာတဲ့ ဆိုင်ကယ်က တရားမဝင်ဆိုင်ကယ် ဖြစ်တယ်ဆိုပြီးတော့ အဲဒီဟာနဲ့ ဖမ်းလိုက်တာ။ ဖြစ်တုန်းက ၃ ယောက်၊ အဲဒီထဲက တယောက်ကို ပြန်လွှတ်လိုက်တယ်။ ပြီးတော့ ကိုမြင့်နိုင်နဲ့ လှလှဝင်းကို ဆက်ဖမ်းထားပြီး အောက်တိုဘာမှာ စီရင်ချက် ချလိုက်တယ်၊ တရားမဝင် ဆိုင်ကယ်စီးနင်းမှုဆိုပြီး ၇ နှစ်။”

နောက်ပိုင်းမှာတော့ DVB အတွက် သတင်းလုပ်ငန်းတွေ လုပ်ပေးနေတယ် ဆိုတာကို အာဏာပိုင်တွေက သိလာတဲ့နောက် အခုနောက်ဆုံး နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရတဲ့အထိ အပြစ်ဒဏ် စီရင်တာတွေနဲ့ပါ ကြုံခဲ့ရတာလို့လည်း ဦးစံမိုးဝေက ပြောပါတယ်။

“ဒီမိန်းကလေးကို ပြည်ပသတင်းဌာနအတွက် အလုပ်လုပ်ပေးတယ်ဆိုပြီး မီဒီယာတွေနဲ့ ဆက်သွယ်ရမလားဆိုပြီး ထပ်ပြီးတော့ Electronic ဥပဒေဆိုတာနဲ့ ပြစ်ဒဏ်ကြီးကြီး ပေးလိုက်တာပါ။ ၇ နှစ်ဆိုတဲ့ ပထမဟာတောင် လွန်လွန်းနေပါပြီ။ အဲဒါကို ထပ်ပြီးတော့ အရွယ်နဲ့မလိုက်အောင် ချလိုက်တယ်။ ဒီကလေးမလေးက အသက် ၂၅ နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ ပြည်ပ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်တယ်၊ ပြည်ပ သတင်းမီဒီယာတွေအတွက် အလုပ်လုပ်ပေးတယ် ဆိုတာကို အခြေခံပြီးတော့ ဒီလိုပြစ်ဒဏ်ပေးတာပါ။ တခြား သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။”

ဒီလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် ပြစ်တင်ရှုတ်ချတဲ့အကြောင်း နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) နဲ့ မြန်မာသတင်းသမဂ္ဂတို့က မနေ့တုန်းကပဲ ကြေညာချက်တစောင် ပူးတွဲထုတ်ပြန်ခဲ့ကြတာပါ။ အထူးသဖြင့်ကတော့ စစ်အစိုးရက ဒီနှစ်မှာ ရွေးကောက်ပွဲတွေကို ကျင်းပပေးပါမယ်လို့ ဆိုနေချိန်မှာ အခြေခံ အခွင့်အရေး တရပ်အဖြစ် ရှိသင့်တဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်မှုတွေ ရှိနေတာကို ဒီဖြစ်ရပ်က ပြသနေတယ်ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

“သူတို့ပြောတဲ့ ၂၀၁၀ ထဲမှာ စစ်အစိုးရက ရွေးကောက်ပွဲလုပ်မယ်၊ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တောင်းဆိုထားတယ်။ အဲဒီ တောင်းဆိုထားတဲ့အတိုင်း ဝန်ကြီးချုပ်တို့ နိုင်ငံခြားရေးဝန်ကြီးတို့က ပြည်ပမှာ ကတိကဝတ်တွေ ပြုတယ်။ ရွေးကောက်ပွဲက တရားမျှတရပါမယ်၊ ဘာညာဆိုပြီး။

“ဒါပေမဲ့ အခုလက်ရှိ မြင်ရတဲ့အမြင်မှာ အဲဒီလို မီဒီယာတွေ သတင်းသမားတွေ အပေါ်မှာ ဒီလိုဖိနှိပ်နေတယ်ဆိုတော့ ဒီမိုကရေစီရဲ့ အခြေခံ အခွင့်အရေးလည်း ဖြစ်တယ်၊ ပြီးတော့ ရွေးကောက်ပွဲ လုပ်တဲ့နေရာမှာ မီဒီယာရဲ့ စောင့်ကြည့်မှုဆိုတာ အရေးကြီးတယ်။ အဲဒီအချိန်မှာ မီဒီယာတွေက လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး၊ မီဒီယာတွေ အပေါ်မှာ ဖိနှိပ်နေတယ်ဆိုတော့ အဲဒီရွေးကောက်ပွဲက သူတို့ပြောတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်မလဲ။”

အခုလို အလွတ်သတင်းသမားတွေကို ဖိနှိပ်မှုတွေ ကြုံရတဲ့ ကမ္ဘာပေါ်က နိုင်ငံတွေအနက် အဆိုးရွားဆုံး ၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံ အပါအဝင်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲတုန်းက အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။ နယ်စည်းမခြား သတင်းသမားများအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ဆိုရင်လည်း လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုနောက်ပိုင်း အာဏာပိုင်တွေက ဖမ်းဆီး အရေးယူခဲ့သူ စာနယ်ဇင်းသမားနဲ့ ဘလော့ဂါသမားပေါင်း ၂၀ လောက် ရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG