သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးကို ဗြိတိန် ဦးစားပေး စဉ်းစား


စစ်အစိုးရက ဒီနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေချိန် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအရေးဟာ ဗြိတိန်အစိုးရ နိုင်ငံခြားမူဝါဒ ရေးရာတွေမှာ ဦးစားပေးနေရာမှာ ရှိတယ်လို့ ဗြိတိန်အစိုးရက ပြောလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြတဲ့ ဗြိတိန် ပါလီမန်အမတ်တွေနဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရေးရာဝန်ကြီး အိုင်ဗင် လူးဝစ်စ် (Ivan Lewis) တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်းဦးစားပေးဖြစ်တဲ့ မြန်မာ့အရေးအတွက် ဗြိတိန်က ဘာတွေများ ဆောင်ရွက်သွားမှာလဲ၊ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ All Party Parliamentary Group for Democracy in Burma (APPG) မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေကြတဲ့ ဗြိတိသျှ လွှတ်တော်အမတ်များ အဖွဲ့နဲ့ မြန်မာ့ရေးရာဝန်ကြီး အိုင်ဗင် လူးဝစ်စ် မနေ့က သွားရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တဘက်မှာ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်အစိုးရက စီစဉ်ထားတာကြောင့် မြန်မာနိုင်ငံအရေးဟာ ထိပ်တန်းဦးစားပေး အဆင့်မှာ ရှိနေတယ်လို့ ဝန်ကြီး အိုင်ဗင် လူးဝစ်စ်က ပြောကြားခဲ့တဲ့အကြောင်း ဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့သူ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်လည်းဖြစ်၊ ပါတီရဲ့ မြောက်ပိုင်းအိုင်ယာလန်နဲ့ စကော့တလန် ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အားလစ်တ်အဲ ကားမိုက်ကယ် (Alistair Carmichael) က ဆွေးနွေးပွဲ ပြီးပြီးချင်းပဲ ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

“စစ်အစိုးရက ဒီနှစ်အတွင်း တရားဝင်မှု မရှိဘဲ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲလည်း ရှိနေတာကြောင့် မြန်မာပြည်အရေးဟာ ဗြိတိသျှအစိုးရ နိုင်ငံခြားရေး မူဝါဒရဲ့ ထိပ်တန်းဦးစားပေး အဆင့်မှာ ရှိနေတယ် ဆိုတာကို ဝန်ကြီးက ကျနော်တို့ကို အသေအချာ ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဆက်လက် ထောက်ခံ အားပေးသွားမယ့် အကြောင်းလည်း ဝန်ကြီးက ပြောခဲ့ပါတယ်။”

မြန်မာပြည်မှာ ဒီမိုကရေစီ ထွန်းကားရေး လှုပ်ရှားမှုကို ပါတီတခုတည်း၊ အဖွဲ့အစည်း တခုတည်းက ထောက်ခံအားပေးနေတာ မဟုတ်ဘဲ လွှတ်တော်အတွင်းမှာရှိတဲ့ လက်ရှိ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီတွေ အပါအဝင် အစိုးရ ထိပ်ပိုင်းအထိ အားလုံးက ပူးပေါင်း ထောက်ခံ အားပေးနေကြတာပါလို့ လွှတ်တော်အမတ် ကားမိုက်ကယ်က ပြောပါတယ်။ မြန်မာ့အရေးကို အခုလို အားလုံးက တညီတညွတ်တည်း ဝိုင်းဝန်းထောက်ခံ အားပေးနေတာဟာ အင်မတန် ရှားပါးတဲ့ ထောက်ခံအားပေးမှု တရပ်ဖြစ်ပြီး ဒါကလည်း ပြောင်းလဲသွားစရာအကြောင်း မရှိပါဘူးလို့ လွှတ်တော်အမတ် ကားမိုက်ကယ်က ပြောပါတယ်။

“ဗြိတိသျှ ပြည်တွင်းနိုင်ငံရေးမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါစေ၊ အစိုးရကြီးတခုလုံး ပြောင်းသွားရင်တောင်မှ မြန်မာ့အရေးကို ထောက်ခံနေတဲ့ မူဝါဒကတော့ လုံး၀ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ပြောင်းလဲနိုင်စရာ အကြောင်းကတော့ ဗြိတိသျှ အစိုးရက မြန်မာ့အရေးကို ဒီ့ထက်ပိုပြီး တက်တက်ကြွကြွ လုပ်ဆောင်လာတာပဲ ဖြစ်ပါလိမ့်မယ်။”

ဒါ့အပြင် ဗြိတိသျှအစိုးရ အနေနဲ့ မြန်မာ့အရေးကို ကုလသမဂ္ဂမှာ ဖိဖိစီးစီး တင်ပြဆွေးနွေးတာကို သူ့အနေနဲ့ မြင်တွေ့လိုတယ်လို့လည်း လွှတ်တော်အမတ် ကားမိုက်ကယ်က ပြောပါတယ်။

“ဗြိတိသျှအစိုးရက နယူးယောက်ခ်မှာရှိတဲ့ ကုလသမဂ္ဂမှာ မြန်မာ့အရေးကို အခုထက်ပိုပြီး တက်တက်ကြွကြွ ဦးဆောင် လုပ်ကိုင်တာကို ကျနော် မြင်ချင်တယ်။ အဲဒီလို ဖြစ်လာအောင်လည်း ကျနော် ဖိအားပေး လုပ်ဆောင်သွားမယ်။ ဒါပေမဲ့ တခြား ဥရောပတိုက်ထဲက နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မြန်မာ့အရေးကို ကျနော်တို့ ဗြိတိသျှအစိုးရက ပိုပြီး လုပ်နေတယ် ဆိုတာကိုတော့ ကျနော် သဘောတူပါတယ်။”

ဇန်နဝါရီလ ၅ ရက်နေ့ အင်္ဂါနေ့တုန်းကလည်း မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေကို သွားရောက် လေ့လာခဲ့ကြတဲ့ ဗြိတိသျှ အခြေစိုက် လူသားချင်း စာနာတဲ့ အဖွဲ့အစည်းတွေကလည်း မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေကြတဲ့ ဗြိတိသျှ လွှတ်တော်အမတ်များ အဖွဲ့ထံမှာ သူတို့ရရှိခဲ့တဲ့ အချက်အလက်တွေကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

ဒါဟာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ဗြိတိသျှအစိုးရ အနေနဲ့ ဆက်လက် ထောက်ခံအားပေးသွားမယ့် အကြောင်းနဲ့ နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် အနစ်နာခံမှုနဲ့ သတ္တိ ပြောင်မြောက်မှုတွေကို ချီးကျူးထောက်ခံထားတဲ့စာ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်အပြီး အခုလို တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG