သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ရှည် နိုင်ငံရေး အကျဉ်းသားများ ထပ်တိုး


မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလလောက်က အဖမ်းခံခဲ့ကြရတဲ့ မြင်းခြံ၊ ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့တို့က သံဃာတော်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ စစ်ကြောရေး ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ကြရပြီး ထောင်ဒဏ်တွေလည်း နှစ်ရှည်ချမှတ်ခံခဲ့ရတယ်လို့ မိသားစု အသိုင်းအဝိုင်းက ပြောပြပါတယ်။ အကြောင်းစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

နှိပ်စက်ညှဉ်းပန်းခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းတွေကို ပြီးခဲ့တဲ့ ၃၁ ရက်နေ့က လုပ်ခဲ့ပြီးနောက် မန္တလေး အိုးဘိုထောင်မှာ အကျဉ်းချထားခဲ့ပါတယ်။ မြင်းခြံမြို့က ဒေါက်တာဝင့်သူ အပါအဝင် ၉ ဦးနဲ့ ကျောက်ပန်းတောင်း၊ ညောင်ဦးနဲ့ မန္တလေးတို့မှာ ဖမ်းမိခံရသူတွေကိုလည်း အဲဒီနေ့မှာပဲ တပြိုင်တည်း အမိန့်ချမှတ်ခဲ့တာဟာ အနည်းဆုံး ၁၇ ဦးခန့် ရှိတယ်လို့ ဆိုပါတယ်။

မနေ့ကပဲ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တဲ့ မြင်းခြံမြို့က တက်ကြွလှုပ်ရှားသူတွေနဲ့ ပတ်သက်ပြီး မိသားစုဝင်တဦးက အခုလို ပြောပြပါတယ်။

“ဘာမှလည်း မလုပ်ဘဲနဲ့ သူတို့တပ်ချင်တဲ့ ပုဒ်မတွေ အကုန်လုံး တပ်ထားတာ။ ရုပ်မြင်သံကြားတွေရော အီလက်ထရောနစ်ပုဒ်မ ဆိုပြီးရော တခုကို ၁၅ နှစ်ဆီ တပ်ထားတယ်။ အများကြီးမှ အများကြီး ပုဒ်မတွေက။ နောက် ပုံနှိပ်အက်ဥပဒေ ၁၇ က ၇ နှစ်၊ ပုံနှိပ်အက်ဥပဒေ ၂၀ က ၇ နှစ်တဲ့။ နှစ်တွေကို အများကြီးပဲ။ ကိုမျိုးက ၅၁ နှစ်၊ ဘုန်းကြီး ဦးနန္ဒဝံသ ၇၁ နှစ်၊ သန်းထိုက်အောင်က ၃၅ နှစ်၊ ဒေါက်တာဝင့်သူက ၂၈ နှစ်၊ ကိုကိုနိုင်က ၂၈ နှစ်၊ ဝေဖြိုးက ၁၁ နှစ်၊ ကိုကြည်စိုးက ၂၂ နှစ်၊ စိုးရာဇာဖြူက ၁၄ နှစ်၊ လှမျိုးကျော်က ၁၄ နှစ်၊ အားလုံး ၉ ယောက် မြင်းခြံက။”

စွဲဆိုတဲ့ ပုဒ်မတွေကများပြီး တဦးကို ပုဒ်မ ၅ ခုကနေ ၁၀ ခုလောက်ထိ စွဲဆိုထားခဲ့ကြောင်းကို ဒေါက်တာဝင့်သူရဲ့ မိခင်ဖြစ်သူက အခုလိုပြောပါတယ်။

“သူတို့စွဲတဲ့ ပုဒ်မတွေက ပြန်ပြန်ပြီးချတာ၊ ပေါင်းချတာ။ ဒီပုဒ်ကို ချလိုက်တယ် ဘယ်လောက်ဆိုပြီး၊ နောက်တခါ ထပ်ပြီးတော့ အဲဒီပုဒ်မကပဲ ဘယ်လောက်ဆိုပြီး ထပ်ချတယ်။ တခုတခုကို နှစ်ခုသုံးခု ထပ်ထပ်ချတော့ နှစ်တွေက များကုန်တာပေ့ါ။”

မြင်းခြံမြို့က ဒေါက်တာဝင့်သူတို့ အုပ်စုကို သံဃာ့သမဂ္ဂီ ဖွဲ့စည်းမှုနဲ့ ဖမ်းဆီးခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့တာကြောင့်လည်း ဘုန်းကြီးကိစ္စကို လူတွေက လုပ်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း မိသားစုက အခုလို ဆက်ပြောပြပါတယ်။

“ဘုန်းကြီးနဲ့ လူနဲ့ ဘယ်လိုလုပ်ပြီး ဘုန်းကြီးကို လူက အဖွဲ့ဖွဲ့နိုင်ပါ့မလဲ။ အဲလို မဟုတ်တာတွေ စွပ်စွဲပြီးတော့ သူတို့ ချတာပေါ့။ အမှုစစ်ခါနီးလည်း မြင်းခြံကိုလာပြီးတော့ သူ့သူငယ်ချင်းတွေကို ဘယ်လိုဘယ်လိုထွက်ဆိုပြီး မတရား အမှုဆင်ပြီး ထွက်ခိုင်းတယ်။ ကလေးတွေက မထွက်ချင်ဘူးပေါ့။ အဲဒါ ဖမ်းလိုက်ရမလား၊ ဖမ်းချုပ်လိုက်ရမလား ဘာညာနဲ့ ခြိမ်းခြောက်ပြီး ခေါ်သွားတယ်။ မထွက်ချင်ပေမဲ့ ကြောက်တော့ ထွက်ခဲ့ရတာပေါ့။”

ဒီအုပ်စုတွေထဲမှာ မြင်းခြံက ကိုဝေဖြိုးဆိုတဲ့ လူငယ်တဦးဟာ ရန်ကုန်သွားရင်း အဖမ်းခံရတာဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းမှုကို လူမဆန်စွာ ခံခဲ့ရကြောင်း AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။ AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ပြောပြတာကတော့ …

“အခု ပြီးခဲ့တဲ့ ၉ လပိုင်းလောက်က အဖမ်းခံရတဲ့ မြင်းခြံတို့၊ ကျောက်ပန်းတောင်းတို့ အဲဒီဘက်က လူတွေဆိုရင် တော်တော်အနှိပ်စက်ခံရတယ်လို့ ကျနော်တို့ ကြားသိရတယ်။ တချို့က နယ်တွေမှာ အဖမ်းခံရတယ်။ တယောက်ကတော့ ရန်ကုန်မှာ အဖမ်းခံရတယ်။ ရန်ကုန်မှာ အဖမ်းခံရတဲ့ တယောက်ဆိုရင် အောင်သပြေ စစ်ကြောရေးစခန်းကို ခေါ်ဆောင်သွားခြင်း ခံရတယ်။

“အဲဒီမှာ စစ်ကြောရေးက ဂျပန်ခေတ် ရုပ်ရှင်တွေထဲမှာ ကြည့်ရတဲ့ စစ်ကြောရေး ပုံစံမျိုးလိုပဲ။ တကိုယ်လုံးချွတ်တယ်၊ ဝါးခြမ်းမှာ သံလေးတွေ ရိုက်ထားပြီးတော့ အဲဒါနဲ့ တကိုယ်လုံးကို ရိုက်တယ်။ အဲလိုရိုက်လို့ သွေးထွက်လာတော့ တင်ချာလို စပ်တဲ့အရာမျိုးတွေနဲ့ အနာပေါ် အုပ်တာတို့၊ အင်္ဂါကို ဖယောင်းစက် ချတာတို့၊ ရေနွေးပူလောင်းတာတို့ အဲဒီလို နှိပ်စက်ခံရတယ်လို့ ကျနော်တို့ ကြားရပါတယ်။

“ဒါ အင်မတန်မှ ရက်စက်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေပါ။ အဲလိုပဲ ဘုန်းကြီးတွေဆိုရင်လည်း တော်တော်လေး ညှဉ်းပန်းနှိပ်စက်ခံရတာ ရှိတယ်။ အဲဒါက မန္တလေးဘက်မှာ ဘုန်းကြီးတွေ နှိပ်စက်ခံရတာမျိုးတွေ ရှိတယ်။ အဲဒီထဲက ဆရာတော် ဦးဇောတိက ဆိုရင် အနှိပ်စက် မခံနိုင်လွန်းလို့ ကိုယ့်ကိုယ်ကို သတ်သေမယ့် အဆင့်မျိုးထိ၊ ကိုယ့်လည်ပင်းကိုယ် ဘလိပ်ဓားနဲ့ လှီးတဲ့ အဆင့်မျိုးထိ ရောက်သွားတာမျိုးတွေ ကြားရပါတယ်။ ဒါက မဖြစ်သင့် မဖြစ်ထိုက်တဲ့ အရာမျိုးတွေပါ။ ဗုဒ္ဓဘာသာ ဖြစ်လျက်သားနဲ့ ဘုန်းကြီးတပါးကို ဒီလောက်နှိပ်စက်တာ အင်မတန်ကို လူမဆန်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။”

ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားတိုင်းကို နှိပ်စက်ညှဉ်းပန်းရမယ်ဆိုတဲ့ ပေါ်လစီကို ချပြီး မြန်မာစစ်အစိုးရက လုပ်ဆောင်နေတာ ဖြစ်ကြောင်း AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။ AAPP ရဲ့ ပြောဆိုချက်အရ အကျဉ်းထောင်ထဲမှာ နှိပ်စက် ညှဉ်းပန်းခံရမှုကြောင့် ကျန်းမာရေး ချို့ယွင်းနေသူတွေ အများအပြား ရှိနေသလို သေဆုံးသူတွေလည်း ၁၄၀ ကျော်သွားပြီဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG