သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ဗုံးခွဲသမားကို မတားနိုင်ခဲ့တဲ့အပေါ် တာဝန်ရှိ အဖွဲ့တွေကို အိုဘားမား အပြစ်တင်


ပြီးခဲ့တဲ့ ခရစ္စမတ်နေ့မှာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တော်ကနေ အမေရိကန် ပြည်ထောင်စု ဒိထရွိုက်မြို့ကို ပျံသန်းလာတဲ့ လေယာဉ်ကို ဖောက်ခွဲဖို့ ကြိုးစားတဲ့သူ လေယာဉ်ပေါ် မပါလာအောင် အမေရိကန် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရထားပြီးသား ထောက်လှမ်းရေး အချက်အလက်ကို ဆက်စပ်ပြီး နားလည်အောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောကြားသွားပါတယ်။

အမေရိကန်ကို ထိပ်ဆုံးကနေ ကာကွယ်ပေးမှုက ထောက်လှမ်းရေး အချက်အလက်တွေ ဝေမျှမှုနဲ့ အဲဒီအချက်အလက်တွေပေါ်မှာ အခြေခံပြီး အလျှင်အမြန် လှုပ်ရှားဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ သမ္မတက ဒေသစံတော်ချိန် ကြာသပတေးနေ့ ညနေမှာ တနိုင်ငံလုံးကို ပြောကြားသွားခဲ့ပါတယ်။

အခုဖြစ်ရပ်မှာ ချို့ယွင်းချက် ဖြစ်သွားခဲ့ပြီး စနစ်က မအောင်မြင်တဲ့အခါ သူ့မှာ တာဝန်ရှိပါတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။ အခုအချိန်မှာ ဘယ်သူ့တာဝန်လို့ အပြစ်တင်ဖို့ထက် ပြီးခဲ့တဲ့ အခြေအနေက သင်ခန်းစာယူပြီး အမှားပြင်ဆင်ဖို့ စိတ်ဝင်စားပါတယ်လို့ သမ္မတက ပြောသွားပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့ ပုံကို ပြောင်းလဲပစ်ဖို့ သမ္မတက အမိန့်ပေးခဲ့ပြီး နိုင်ငံကို ခြိမ်းခြောက်မှုတခုခု ပေါ်လာရင် အဲဒီကိစ္စကို လိုက်စုံစမ်း ဖြေရှင်းဖို့အတွက် ထောက်လှမ်းရေး အသိုင်းအ၀ိုင်းမှာ ဘယ်သူက ဘယ်ကိစ္စအတွက် တာဝန်ရှိလဲဆိုတဲ့ အဆင့်တွေကို သေချာ ပြတ်ပြတ်သားသား ရှိထားဖို့ သမ္မတက ပြောသွားခဲ့ပါတယ်။

သမ္မတက အခုလို ပြောသွားတဲ့ အချိန်မှာပဲ ခရစ္စမတ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ရေး လုပ်ဆောင်ဖို့ ကြံစည်မှုအပေါ်မှာ ပဏာမသုံးသပ်မှု အကျဉ်းချုပ်ကို အိမ်ဖြူတော်က ထုတ်ပြန်သွားပါတယ်။

အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား အမျိုးသားဟာ ဘယ်လိုများ လေယာဉ်ပေါ်ကို ဖောက်ခွဲရေး ပစ္စည်းတွေ သယ်ယူလာနိုင်လဲဆိုတာ အာဏာပိုင်တွေက စုံစမ်းနေကြပါတယ်။

အမေရိကန် လေကြောင်းပိုင် လေယာဉ်တစင်းကို ခရစ္စမတ်နေ့တုန်းက ဗုံးခွဲဖို့ ကြိုးစားတဲ့ နိုင်ဂျီးရီးယားဟာ ယီမင်မှာရှိတဲ့ အမေရိကန်ဖွား အစွန်းရောက် မွတ်ဆလင် ဘာသာရေးခေါင်းဆောင်နဲ့ ပြီးခဲ့တဲ့လတုန်းက တွေ့ဆုံခဲ့တယ်လို့လည်း ယီမင် ဒုတိယ၀န်ကြီးချုပ်က ပြောသွားပါတယ်။

ယီမင်နိုင်ငံ အရှေ့တောင်ပိုင်း ရှာဘွာမှာ ပြီးခဲ့တဲ့နှစ်တုန်းက တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ယီမင် ဒုတိယ၀န်ကြီးချုပ်က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG