အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင် အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး တရားလိုဘက်က ပြစ်မှုကျုးလွန်တယ်လို့ အထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်တဲ့အကြောင်း ကိုညီညီအောင်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။
ကိုညီညီအောင်အပေါ် စွဲဆိုထားတဲ့ အမှုသုံးမှုထဲက လိမ်လည်မှုဖြစ်တဲ့ ပုဒ်မ (၄၂၀) ကို တရာရုံးက ဖြုတ်သိမ်းလိုက်တဲ့အတွက် စစ်အစိုးရ ရှေ့နေတွေဘက်က တိုင်းတရားရုံးမှာ ပြင်ဆင်မှုတက်ဖို့ စီစဉ်နေပါတယ်။ လိမ်လည်မှု၊ စာရွက်စာတမ်းအတု ကိုင်ဆောင်မှုတွေအပြင် တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုနဲ့လည်း စစ်အစိုးရဘက်က တရားစွဲဆိုထားပါတယ်။
ကိုညီညီအောင်ကို စက်တင်ဘာလ (၃) ရက်နေ့ ရန်ကုန်လေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့အမှုကို နိုင်ငံတကာ စံတွေနဲ့အညီ ရုံးတင်စစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားပါတယ်။
ဇန်နဝါရီလဆန်း ကိုညီညီအောင်ကို ရုံးထုတ်စစ်ဆေးတဲ့ တရားခွင်တွေကို အမေရိကန် သံရုံးအရာရှိတွေလည်း တက်ရောက်ခွင့်ရခဲ့တယ်လို့ သံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့အတူ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက ကိုညီညီအောင်ကို ပုံမှန်တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေပါတယ်။