သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုအတွက် သေဒဏ်များ ချမှတ်


ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နဲ့ နိုင်ငံခြားရေးဌာန ဝန်ထမ်းတဦးဖြစ်တဲ့ ဦးသူရကျော်တို့ကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုတွေနဲ့ သေဒဏ်ချမှတ်လိုက်ပါတယ်။ နောက်ထပ် ဝန်ထမ်းတဦးဖြစ်တဲ့ ဦးပျန်စိန်ကိုတော့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ ဒီလူတွေကို နောက်ထပ် မလုပ်ရဲအောင်လို့ အခုလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်တယ်လို့ မြန်မာ့တပ်မတော် ဗိုလ်ကြီးဟောင်း တဦးကလည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေထဲမှာ နံပါတ် ၃ အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယား ခရီးစဉ် မှတ်တမ်းဓာတ်ပုံတွေ၊ လျှို့ဝှက် ဥမင်လိုဏ်ခေါင်းတွေ ဖောက်လုပ်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေ ပြင်ပမီဒီယာတွေကို ပေါက်ကြားစေခဲ့တယ်ဆိုပြီး ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ ဦးသူရကျော်နဲ့ ဦးပျန်စိန်တို့ကို ဇန်နဝါရီလ ၇ ရက်နေ့မှာ အခုလို ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တာပါ။

မြန်မာစစ်ခေါင်းဆောင်တွေဟာ တပ်နဲ့ ပတ်သက်လာတဲ့ ကိစ္စတွေကို နည်းနည်းလေးမှ အမှားမခံဘဲ ဖြစ်လာပြီဆိုရင် ပြင်းပြင်းထန်ထန် အရေးယူပြီးတော့ကို နောက်လူတွေပါ နောင်ကြဉ်သွားအောင် လုပ်ပစ်တာဟာ အရင်ကတည်းကိုက အစဉ်အလာ ရှိပါတယ်လို့ မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့်က ပြောပါတယ်။

“တခါတလကျရင် ပုဂ္ဂိုလ်တယောက်ယောက်ကို မကျေနပ်လို့ အဲဒီပုဂ္ဂိုလ်တယောက်ကို သူတို့ အပြစ်ပေး အရေးယူလို့ရှိရင် တခါတည်း တနွယ်ငင် တစင်ပါ အဲဒါတွေကိုလည်း သိမ်းကျုံးပြီးတော့ လုပ်တတ်တဲ့ ပုံစံမျိုးပေါ့။ ဟုတ်တာ မဟုတ်တာ ဘေးချိတ်ထား၊ နီးစပ်တဲ့လူတွေ၊ မယုံကြည်၊ စိတ်မချရတဲ့ လူတွေကို ဆွဲဖမ်းတာမျိုး၊ အပြစ်ပေးတာမျိုး ရှိတတ်ပါတယ်။

“ထို့နည်းတူ တကယ်တမ်း သူတို့ကို ထိခိုက်အောင်၊ ပျက်စီးအောင် ကြံဖန်တဲ့ဟာတွေ ရှိလာရင်လည်း ပြတ်ပြတ်သားသား အများလူတွေလည်း ကြောက်လန့်သွားအောင်၊ တပ်ထဲကလည်း နောက် ဒါမျိုးပေါ်လာဖို့ အခြေအနေ မပေးအောင် ရက်ရက်စက်စက် လုပ်တာမျိုးတွေ ရှိပါတယ်။ ဥပမာ ဗိုလ်ကြီးကျော်စွာမြင့်ကိစ္စ၊ ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စပေါ့။ အဲဒါတွေ ရှိပါတယ်။”

ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်ဟာ ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ်ပျက်ကျလို့ ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၂ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ တပ်ကထွက်ပြီး နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုမှာ တာဝန်ထမ်းဆောင်နေရင်း ဒီအမှုနဲ့ စွပ်စွဲပြီး အဖမ်းခံခဲ့ရပါတယ်။ ဦးသူရကျော်ကတော့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဥရောပရေးရာဌာနမှာ ဝန်ထမ်းတဦး ဖြစ်သလို ဦးပျန်စိန်ဟာလည်း နိုင်ငံခြားရေးဌာနမှာ တာဝန်ထမ်းဆောင်နေရင်း အဖမ်းခံခဲ့ကြရတာ ဖြစ်ပါတယ်။

သူတို့တတွေဟာ စွပ်စွဲခံရသလို လျှို့ဝှက်ချက်တွေကို တကယ်ပဲ ပေါက်ကြားအောင် လုပ်ခဲ့ကြတာလား၊ စွပ်စွဲချက်တွေ မှန်တယ်ဆိုရင်လည်း ဘာရည်ရွယ်ချက်နဲ့ အခုလို ပေါက်ကြားစေခဲ့ကြတာလဲ ဆိုတဲ့ အချက်တွေကတော့ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ သူတို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ အများပြည်သူ တက်ရောက်နားထောင်ခွင့် မရဘဲ လျှို့ဝှက်စစ်ဆေးပြီး ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တယ် ဆိုပေမဲ့လည်း နောက်ထပ် လုပ်ရဲတဲ့လူ ရှိမလာတော့ဘူးလို့တော့ သေချာပေါက် မပြောနိုင်တဲ့အကြောင်း ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့်က ပြောပါတယ်။

“ဘူးတရာကို လုံအောင်ပိတ်နိုင်ပေမဲ့ ပါးစပ်တပေါက်ကိုတော့ လုံအောင်မပိတ်နိုင်ဘူးဆိုတဲ့ ဗမာစကားပုံမှာကို ဆိုရိုးရှိတာပဲ။ တချို့လည်း ပေါက်နေတာတွေ အများကြီးပဲ၊ တပ်ထဲမှာ အခြေအနေတွေ ဘယ်လိုဖြစ်နေတယ်၊ ဘယ်လိုခံစားနေရတယ်၊ သူတို့ထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံတွေရဲ့ အခြေအနေတွေ ဘယ်လိုရှိနေတယ်ဆိုတာ၊ ဒါတွေက ပေါက်ကြားနေတာပဲ။

“တကယ့် လျှို့ဝှက်ချက်ကြီးကို ဘယ်သူမှ မပေါက်ကြားဘဲနဲ့ ဘယ်သူမှ မသိပါဘူးဆိုတာတော့ မရှိပါဘူးခင်ဗျ။ သူတို့ကိုယ်တိုင်ပဲ သူတို့ကတော့ လုံခြုံပြီလို့ ထင်တာပဲ။ ဒါပေမဲ့ မလုံခြုံဘူးပေါ့။ အမှန်တရားက ဘာပဲဖြစ်ဖြစ် အပြင်ကို ပေါက်တာချည်းပါပဲ။ အနှေးနဲ့အမြန် ဒါပဲကွာပါတယ်။”

မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့် ပြောသွားတာ ဖြစ်ပါတယ်။

ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်တို့ အမှုနဲ့ ဆက်စပ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း အပါအဝင် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိ အတော်များများလည်း အဖမ်းခံခဲ့ကြရပေမဲ့ သူတို့နဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ မရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG