သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင် မိသားစု သက်သေအဖြစ် ထွက်ဆို


ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ အဖမ်းခံခဲ့ရပြီး စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု အပါအဝင် မှတ်ပုံတင် ဥပဒေတို့နဲ့ တရားစွဲ ခံထားရတဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင်ရဲ့ အမှုကို အင်းစိန်ထောင်အတွင်း အထူးတရားရုံးမှာ ဒီကနေ့ ဆက်လက်ကြားနာ စစ်ဆေးခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုညီညီအောင်ရဲ့ ရှေ့နေဖြစ်သူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အင်းစိန်ထောင်အတွင်းမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင်ရဲ့ အမှုကို အင်းစိန်ထောင်အတွင်း အထူးတရားရုံးမှာ ဒီကနေ့ ကြားနာစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ကိုညီညီအောင်အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးကြည်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီနေ့က တရားခံဘက်ကို စစ်ဆေးဖို့ အလှည့်ကျတယ်။ တရားလိုဘက်က သက်သေအားလုံး ကုန်သွားပြီ။ ကုန်သွားတော့ တရားခံဘက်ကို စစစ်ရမယ်။ တရားခံဘက် စစစ်တော့ ညီညီအောင်က သက်သေတယောက် အနေနဲ့ပဲ အစစ်ခံတယ်။ သက်သေတယောက် အနေနဲ့ ဆိုတာက ဟိုဘက်က ဥပဒေဝန်ထမ်းကလည်း ပြန်မေးပေါ့။ ကြိုက်သလိုမေး သူက အစစ်ခံတယ်။”

တရားလို အစိုးရရှေ့နေတွေဘက်က စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုနဲ့ မှတ်ပုံတင် ဥပဒေတို့နဲ့ သူ့အပေါ်မှာ စွဲဆိုထားတာတွေနဲ့ ပတ်သက်ပြီး တရားလို ရှေ့နေတွေဘက်က စစ်ဆေးတဲ့အခါမှာ ကိုညီညီအောင်က သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို သူ့အနေနဲ့ ကျူးလွန်ခဲ့ခြင်း မရှိဘူးဆိုပြီး ငြင်းဆိုသွားခဲ့တယ်လို့ ဦးကြည်ဝင်းက အခုလို ပြောပါတယ်။

“၃ မှုအတွက် တလှည့်စီပဲ။ ပထမ မှတ်ပုံတင် အတုလုပ်တဲ့ကိစ္စကို အစစ်ခံတယ်။ ညီညီအောင်က သူလုပ်တာ မဟုတ်ဘူး၊ အဲဒီဟာတွေကလည်း နောက်မှတွေ့တယ်ဆိုပြီး လိုရင်းပြောရင်တော့ ငြင်းသွားတယ်။ အဲတော့ ၃ ခုစလုံး ငြင်းသွားတယ်။”

ကိုညီညီအောင်ဟာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို အဝင် အကောက်ခွန်ဌာနမှာ သူ့မှာပါလာတဲ့ နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး တရားဝင် အသိပေးတာ မလုပ်ရခင်မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ကိုညီညီအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နာရီပေါင်းများစွာ အကြာမှ အာဏာပိုင်တွေဘက်က သူ့ရဲ့ နိုင်ငံခြားငွေ ပိုင်ဆိုင်မှု တရားဝင် အသိပေးချက် Declaration Form ကို အကောက်ခွန်ဌာန တာဝန်ရှိသူတွေကို ပေးခဲ့တာကြောင့် နိုင်ငံခြားငွေ ပိုင်ဆိုင်မှု အသိပေးချက် မှန်ကန်မှုနဲ့ ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်နေတယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

“နိုင်ငံခြားငွေ လဲလှယ်ရေး ၂၄/၁၊ အဲဒီမှာ တော်တော် အရေးကြီးတဲ့ အချက်က သူပြောတာတင် မကဘူး၊ အဲဒီက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ပြောတာကလည်း သူ ကာစတန် ကောင်တာကို အသွားမှာ၊ ကာစတန် ကောင်တာကို မရောက်သေးဘူး၊ အဲဒီအသွားမှာ သူ့ကို ဖမ်းခေါ်သွားတာပဲ။ ကာစတန်က ပုဂ္ဂိုလ်တွေ ထွက်ဆိုချက်အရဆိုရင် လာပို့တော့ စရဖက တယောက်က လာပေးတယ်။ ညီညီအောင်ကို ခေါ်သွားတဲ့အချိန်က စရင် ၁၃ နာရီ၊ ၁၄ နာရီလောက် ကွာပြီးမှ လာပေးတာ။ အဲတော့ ပြောချင်တာက ဒီ Declaration Form ရဲ့ မှန်ကန်မှုဆိုတာ အင်မတန်မှ စဉ်းစားစရာ ဖြစ်နေတယ်။”

ကိုညီညီအောင်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ အင်္ဂါနေ့မှာ ကိုညီညီအောင်ဘက်က သက်သေတွေကို စစ်ဆေးသွားဖို့ ရှိတဲ့အကြောင်း၊ ဒီကနေ့ တရားရုံး စစ်ဆေးတဲ့အခါမှာ ကိုညီညီအောင်ရဲ့ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်စွာ ရှိတယ်လို့လည်း ဦးကြည်ဝင်းက ပြောပါတယ်။ ဒီကနေ့ တရားရုံး စစ်ဆေးမှုကို အမေရိကန်သံရုံးက သံအရာရှိတဦးနဲ့ သံရုံးဝန်ထမ်းတဦး လာရောက်ခဲ့ပေမဲ့လည်း ကိုညီညီအောင်ရဲ့ မိသားစုဝင်တွေကတော့ တရားခွင်ကို ဝင်ရောက်ခွင့် မရခဲ့ဘူးလို့ ဦးကြည်ဝင်းက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG