သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ်ပေးရလောက်တဲ့ ပြစ်မှုကျူးလွန်မှုလား?


ပြည်ပသတင်းမီဒီယာတွေကို နိုင်ငံတော် လျှိုဝှက်ချက်တွေ ပေါက်ကြားပေးပို့မှုနဲ့ မြန်မာ့တပ်မတော်က ဗိုလ်မှုးဟောင်း ဝင်းနိုင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းစာရေး ဦးသူရကျော်တို့ကို မြန်မာစစ်အစိုးရက သေဒဏ် ချမှတ်ခဲ့ပါ တယ်။ နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော် ပုန်ကုန်မှု၊ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်းမှုတွေ မဟုတ်ဘဲနဲ့ နိုင်ငံတော် အရေးပေါ် စီမံချက်ဥပဒေ နဲ့ လျှို့ဝှက်အစီရင်ခံစာ ပေါက်ကြားမှု သက်သက်အတွက် အရပ်သားနှစ်ဦးကို အခုလို သေဒဏ် ချမှတ်တယ်ဆိုတာဟာ အလွန်ပြင်းထန်းတဲ့ ပြစ်ဒဏ်ဖြစ်ပြီး မြန်မာစစ်အစိုးရအနေနဲ့ အထူးသဖြင့် စစ်မှုးထမ်းအရာရှိတွေနဲ့ စစ်မှုထမ်းဟောင်းအရာရှိတွေအပေါ် နမှုနာပြလိုတဲ့ သဘောဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် မှာ နေထိုင်နေသော မြန်မာစစ်တပ်ရဲ့ ပထမဦးဆုံး စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိဟောင်း နဲ့ အခုလက်ရှိ မြန်မာနိုင်ငံမျိုးချစ် စစ်သည်ဟောင်းများ အစည်းအရုံး ဥက္ကဌ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့် ကို ဗွီအိုအေ မြန်မာသတင်းဌာနမှု ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးခင်မောင်ညွန့် ။ ။ ကျနော့်အနေနဲ့ မြင်တာကတော့ ဒါကတော့ နဝတရဲ့ ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားမှုအပေါ်မှာ သူတို့ အရှက်ရမှုတွေ၊ မျက်နှာပျက်ရမှုတွေ၊ အဲဒါတွေအတွက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အနေနဲ့ ကြိတ်မနိုင်ခဲမရ အင်မတန်မှ ဒေါသထွက်ပြီး ဒါနဲ့ပတ်သက်ပြီး သည်းမခံဘူး၊ ပြတ်ပြတ်သားသား အရေးယူတယ်။ ကမ္ဘာပေါ်မှာ သူမျက်နှာပျက်ရတာက ဒီလောက်တိုင်းပြည်က စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အခြေခံတွေ ဆိုးဝါးနေတဲ့အချိန်အခါမှာ အဲဒီအရေး တွေထက် စစ်အသုံးစရိတ်ကို ပိုပြီးတော့ အဓိကထားနေတယ်ဆိုတာကို ပေါ်လွင်နေပါတယ်။ နောက်တခုက မကြာခင် လည်း သူတို့ပြောတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကလည်း နီးနေပြီဆိုတော့ ဒီလိုအချိန်မျိုးမှာ စစ်လက်နက်ထုတ်လုပ်ရေး၊ နျူကလီးယား စစ်ဖြစ်လို့ရှိရင် အဲဒီဟာတွေ ကာကွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်ရေး ဒါတွေကို လုပ်တယ်ဆိုတာကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဖော်ပြလိုက်တော့ ကမ္ဘာပေါ်မှာလည်း မျက်နှာပျက်တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အခုနေရာမှာ ဦးခင်မောင်ညွှန့်ရဲ့ သုံးသပ်ချက်အရတော့ ဒါ မြန်မာစစ်အစိုးရအတွက်တော့ ကြီးကျယ် တဲ့ လျှို့ဝှက်ချက် ပေါက်ကြားမှုလို့ သူတို့ ဆိုချင်လည်း ဆိုကောင်း ဆိုလို့ရတယ်။ ဒါပေမဲ့လည်း ဦးခင်မောင်ညွန့်တို့ ကျနော် တို့လည်း ဒီပေါက်ကြားတယ်ဆိုတဲ့ အစီရင်ခံစာတွေကို အင်တာနက်ပေါ်မှာ ပျံ့နှံလာတဲ့နောက် တွေ့ရတာပါ။ ဒီအစီရင်ခံစာ တွေကို လေ့လာကြည့်မယ်ဆိုရင် နိုင်ငံခြားရေးဌာန နဲ့ စစ်ရုံးချုပ်ကြားမှာ သာမန်ခရီးသွား မှတ်တမ်းအစီရင်ခံစာ အဆင့် ထက်တောင် သိပ်မပိုဘူးဆိုတဲ့ သဘောကို တွေ့ရပါတယ်။ ဆိုတော့ ဒီလိုအစီရင်ခံစာမျိုးတွေ သတင်းမျိုးတွေက ဒီဘက် ပွင့်လင်းတဲ့နိုင်ငံတွေမှာဆိုရင် သတင်းမီဒီယာတွေကို လွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့အချက်အလက် ဖြစ်နေတာကို မြန်မာ စစ်အစိုးရအနေဲ့ ဒီကိစ္စကို ဘာကြေ ာင့်မို့ အကြီးအကျယ် လျှို့ဝှက်ချက်အနေနဲ့ ပုံဖော်နေရတာလဲ။

ဦးခင်မောင်ညွှန့် ။ ။ စစ်အစိုးရ အဆက်ဆက်ရဲ့ စိတ်ဓါတ်ကဘာလဲဆိုလို့ရှိရင် မဟုတ်တဲ့အရာတွေ၊ မလျှိုဝှက်တဲ့ အရာ တွေ၊ ကမ္ဘာကသိတဲ့အရာတွေ၊ အများတကာ တနေ့မဟုတ် တနေ့ သိရမယ့်ဟာတွေကို ပေါက်ကြားမှု မရှိအောင်လုပ်တာပဲ။ အဓိကအားဖြင့် တပ်က အရေးကြီးတဲ့ သတင်းတွေကို သူတို့ထိပ်တန်း လျှို့ဝှက်ချက်တွေကို တပ်ကအဓိက ကိုင်တွယ်ထား ခဲ့တယ်။ တပ်ထဲက မပေါက်ဘဲ အရပ်သားဝန်ကြီးဌာနတွေမှာ လုပ်တဲ့လူတွေကတဆင့် ရတယ်ဆိုတာ ၁၀၀ မှာ ၁၀ ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်။ ၉၀ ရာခိုင်နှုန်းက တပ်ထဲကလူတွေ မပါဘဲ မပြောဘဲနဲ့ မရပါဘူး။ သို့သော်လည်း အခုသတင်းမှာ ကိုသန်းလွင်ထွန်း ပြောပြတဲ့အတိုင်းပဲ၊ အမှန်ကတော့ အရေးကြီးတဲ့သတင်း မဟုတ်ဘူး။ ပြောတဲ့လူ ပြုတဲ့ လူတွေကလည်း ပေးတဲ့ပုဂ္ဂိုလ် အရာရှိတွေကလည်း တပ်ထဲက နီးစပ်ရာနီးစပ်ကြောင်း အခု ဗိုလ်မှုးဝင်းနိုင်ကျော် ဆိုတာ ကလည်း တချိန်က ဒု-ဗိုလ်ချုပ်ကြီးတင်ဦး ရဲ့ PA (Personal Assistant) လုပ်သွားတယ်။ သူ့အသိုင်းအဝိုင်းတွေ ရှိနေတယ်။ သူကလည်း သူ့အနေအထားနဲ့ အသိုင်းအဝိုင်းတဆင့် ရတဲ့သတင်းလောက်ပါပဲ။ တကယ့် တကယ် ဘယ်လိုပြင်ဆင်ပြီးတော့ ဘယ်လိုလုပ်မယ်ပြုမယ် …

ဦးသန်းလွင်ထွန်း ။ ။ ထူးခြားတဲ့ သဘောတူညီချက် စာချုပ်စာတမ်းတွေအရ အရောင်းအဝယ်ကိစ္စတွေ ပါတယ်ဆိုတာ မတွေ့ရပါဘူး။ ရိုးရိုးခရီးစဉ် ဘယ်သူနဲ့တွေ့တယ်ဆိုတဲ့ မှတ်တမ်းလောက်ပဲဆိုတော့ ဒီလောက်အခြေအနေလေးကိုပဲ ပုံပြ ပြီးတော့ ဒီလောက်ပြင်းထန်တဲ့ စီရင်ချက်တွေချလိုက်တာ ဒါ နောက်မလုပ်ကြနဲ့ နမှုနာ ပြလိုက်တဲ့ သဘောလို့ အများက ပြောနေကြပါတယ်။

ဦးခင်မောင်ညွန့် ။ ။ အဲဒါကတော့ တပ်က အစဉ်အလာဘဲ။ သူက တခြားပုဂ္ဂိုလ်တွေဆီက တခုခု တခြား အသိုင်းအဝိုင်း တွေမှာ ဖြစ်တာထက် တပ်အသိုင်းအဝိုင်းတွေမှာ ဖြစ်လို့ရှိရင်တော့ ပထမတော့ အပြင်ကို အသိမပေးဘဲနဲ့ တပ်ထဲမှာ သိုသိုသိပ်သိပ် ဖြေရှင်းတတ်တာမျိုး လုပ်တယ်။ ဖြုတ်တာ၊ ထုတ်တာတို့ ဘာတို့ပေါ့။ အသိမပေးလို့ မရတဲ့ အဆုံးကာလ ရောက်မှ ပြည်သူလူထုကို အတိုင်းအတာတခုသာ အသိပေးတာ။ အကုန်လုံး အသိမပေးဘူး။ ဒါတွေက အရင် အစဉ်အလာ အတိုင်း ရှိတယ်။ ဗိုလ်ကြီးကျော်စွာမြင့် ကိစ္စ၊ ၁၉၆၅ ခု မှာ တပ်ထဲမှာရှိတဲ့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့၊ ဒီမိုကရေစီရေး စိတ်ဓါတ် ရှိတဲ့၊ လွတ်လပ်မှုကို ချစ်ခင်တဲ့ စစ်ဗိုလ်တွေ၊ စစ်သားတွေ။ အဲဒီအထဲမှ ကွယ်လွန်သွားတဲ့ ဗိုလ်မှုးကြီးဟောင်း ကြည်မောင် အန်အယ်လ်ဒီ ဒု-ဥက္ကဌ၊ ဗိုလ်မှုးချုပ်အောင်ကြီးတို့ စသဖြင့် တပ်မတော်ကြည်း၊ ရေ၊ လေ မှ တပ်မတော်အရာရှိ တွေ ကျနော်တို့အပါအဝင် ဖမ်းဆီး၊ ညှင်းဆဲခံရတာဘဲ။ အဲဒီအထဲမှာ ဂျပန်တော်လှန်ရေးမှာ အထက်ဗမာပြည်တိုင်းမှုး ဗိုလ်မှုးကြီးဗထူးရဲ့သား ကျနော်တို့သူငယ်ချင်း ဗိုလ်ကြီးမြင့်ထူး ဆိုလည်း ညှင်းဆဲတာနဲ့ ကျဆုံးသွားခဲ့ရတယ်။

အဓိက ဘာလဲဆိုရင် ဒီဟာလုပ်တာ ဆန်ရင်း နာနာဖွပ်ထောင်းဆိုတဲ့ သဘောပဲ။ နောက်တခုက သူတို့မှာ အမြဲတမ်း ဦးနေဝင်း က အစ ဒီနေ့အထိ တပ်ထဲက တစုံတခုပြန်လုပ်မှာကို အမြဲကြောက်နေတယ်။ အမြဲတစ္ဆေ ခြောက်ခံရသလို ဖြစ်နေတယ်။ စောင့်ကြည့်ပြီးတော့ အမြဲတမ်း လက်ဦးမှုယူအောင် လုပ်တာပဲ။ အခုကာလမှာလည်း ဒါပဲ၊ ဒီကောင်တွေ ကိုတော့ ပြတ်ပြတ်သားသား လုပ်မှာပဲ၊ ပြုမှာပဲ ဆိုပြီးတော့ နောင်ကြဉ်းအောင် လုပ်တဲ့သဘောမျိုးပဲလို့ ကျနော် ယုံကြည် ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ စောစောက ဦးခင်မောင်ညွန့်ပြောတဲ့ ဗိုလ်မှုးကြီးဗထူးရဲ့ သား ဗိုလ်ကြီးမြင့်ထူး ဆိုလို့ရှိရင် ဘယ်လိုအကြောင်းအမျိုးနဲ့ ဒီလို အဖမ်းခံရတာလဲ။ ပြီးတော့ ထောင်ထဲမှာ ဘယ်လို အညှင်းဆဲခံရတာလဲ။

ဦးခင်မောင်ညွန့် ။ ။ ဒီလိုခင်များ။ ဗိုလ်ကြီးမြင်ထူး တို့ ကျနော်တို့က တပ်ထဲမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် တိုင်းပြည်အခြေအနေက ၆၃ ကုန်ခါနီး ၆၄ စချိန်မှာ အခြေအနေတွေ ဆိုးလာပြုလာတော့ တစ်ပါတီစနစ်တွေဘာတွေ တပ်ထဲမှာ သွတ်သွင်းလာဖြစ်လာတော့ မခံချင်တဲ့ စစ်ဗိုလ်တွေ။ အထူးသဖြင့်တော့ စစ်တပ်အရေးသာ တပ်ပြည်နဲ့ ကိုယ့်လူမျိုး ကာကွယ်ရေးသာ လုပ်မယ်ဆိုပြီး professional soldier အဲဒီအပိုင်းမှာရှိတဲ့ လူတွေက မကျေနပ်မပြုကြတော့ အဲဒီတုန်းက ကျနော်တို့ အားကိုးစရာလူဆိုလို့ ကွယ်လွန်သူ ဗိုလ်မှုးကြီးဟောင်း ကြည်မောင် နဲ့ ဗိုလ်ချုပ်အောင်ကြီး တို့ပဲ ရှိတယ်။ ဒီအဖိုးကြီးတွေကိုလည်း ချပြီးပြုပြီးတဲ့အခါ၊ ထုတ်ပြီးပြုပြီးတဲ့အခါမှာ သူတို့နဲ့ ပတ်သက်တဲ့လူတွေ ဆွဲပြီးတော့ တပ်ထဲကနေ ပြန်ပြီးတော့ တော်လှန်ပုန်ကန်ဖို့ အစီအစဉ် ရှိတဲ့ဆိုပြီးတော့ မရမက ကျနော်တို့ကို ညှင်းတော့တာပဲ။ အဲဒီမှာ အညှင်းဆဲလွန်သွားပြီးတော့ ဗိုလ်ကြီးမြင့်ထူး က ရေကြည်အိုင်မှာပဲ ကွယ်လွန်တယ်လို့ ကျနော် ယုံကြည်တယ်။ သူတို့ ကတော့ ဆေးရုံပို့ပြီး ဆေးရုံမှာ ကွယ်လွန်တယ်။ စစ်ဆင်ရေးတနေရာမှရတဲ့ ငှက်ဖျားဒဏ်ကြောင့် ကွယ်လွန်သွားတယ်လို့ ပြောတယ်။ အမှန်ကတော့ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီအချိန်တုန်းက ဗိုလ်ကြီးမြင့်ထူး တို့အပါအဝင် တနွယ်ငင်တစင်ပါ ဦးခင်မောင်ညွန့်တို့လည်း တော်တော်များများ ဒီလိုနီးစပ်ရာတွေ အဖမ်းဆီးခံရတယ်၊ အပြစ်ပေးခံရတာတွေ ရှိခဲ့တာပေါ့။

ဦးခင်မောင်ညွန့် ။ ။ ဟုတ်ကဲ့ အများကြီးပါပဲ။ တော်တော်များများကတော့ ညှင်းဆဲပြုပြီးတော့ တပ်ထဲကနေ forced to resign လုပ်ပစ်တာဘဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အခု ဆက်စပ်ကြည့်လို့ရတဲ့ အခြေအနေတခုက ဘာလဲဆိုရင် ဗိုလ်မှုးဝင်းနိုင်ကျော် အပြင် သူတို့ စွပ်စွဲထားတဲ့ ဆက်စပ်တဲ့သတင်းအရဆိုရင် ဒီ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံရှိနေတဲ့ ဗိုလ်မှုးဟောင်း အောင်လင်းထွဋ် ကို နိုင်ငံတော်လျှို့ဝှက်အစီရင်ခံစာတွေ ပေးပို့တယ်ဆိုပြီး စွပ်စွဲထားတယ်လို့ ကျနော်တို့ သိရှိရတယ်။ ဗိုလ်မှုးဝင်းနိုင်ကျော် နဲ့ ဗိုလ်မှုးအောင်လင်းထွဋ်တို့က စစ်တက္ကသိုလ်မှာ တပတ်စဉ်တည်း တက်ခဲ့ကြတဲ့သူတွေဖြစ်တယ်။ အလားတူပဲ သူတို့နဲ့အတူ တက်ခဲ့တဲ့ ဗိုလ်မှုးကြီးကျော်ကျော်ဝင်း လည်း ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ သိရတယ်။ အဲဒီတော့ ဒီလိုမျိုး တနွယ်ငင် တစင်ပါတွေ ဒီလို အပတ်စဉ်ထဲက လူတွေကို ဆက်ပြီးအရေးယူမယ်၊ စောင့်ကြည့်မယ့် သန့်စင်မယ့် အလားအလာတွေ ဖြစ်လာနိုင်မလား။

ဦးခင်မောင်ညွန့် ။ ။ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တပ်နဲ့ ပတ်သက်တာ။ ဒီဟာက ဘာပဲဖြစ်ဖြစ် တပ်က ပုဂ္ဂိုလ်တွေကပဲ အတွင်းရေးကို။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာလုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေထက် သူတို့ကသိတယ်။ ရှေ့ လုပ်ငန်းစဉ် အခြေအနေတို့၊ စစ်ရေးနဲ့ပတ်သက်တဲ့ ဆိုင်ရာ သဘောတူညီချက်တို့၊ ပူးတွဲလုပ်ဆောင်ချက်တို့ ဒါတွေကို ဒုဗိုလ်ချုပ်မှုးကြီး ကာကွယ်ရေးဝန်ကြီးဌာနမှာတော့ ကကကြီး ဆိုတာ ရှိတယ်။ ဒု-ဗိုလ်ချုပ်မှုးကြီးမောင်အေး နဲ့ သူ့အောက်က ဗိုလ်ချုပ်ကြီး ရွှေမန်း တို့ က ဒါတွေကို ထိန်းရတယ်။ အခု လျှို့ဝှက်ချက်ဆိုင်ရာတွေမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ရှိတဲ့ အရပ်သားတွေ လက်ထဲမှာ အဲဒီဟာတွေရဖို့ ကကကြီး ထဲကဘဲ အတွင်းသိပုဂ္ဂိုလ်တွေ ရင်းနှီးမှုရှိတဲ့ပုဂ္ဂိုလ်တွေကြားက ထွက်တဲ့ဆိုတာ သေခြာပါတယ်။ အဲဒီတော့ ဗမာပြည်မှာတော့ ဒီလိုဘဲ တစုံတခုဖြစ်တဲ့အခါမှာ နီးစပ်တဲ့လူတွေကို အကုန်လုံး ဆွဲတော့တာပဲ။ အထူးသဖြင့် တပ်ထဲမှာလည်း ဒီအတိုင်းပါပဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောကတော့ တပ်ထဲမှာ ဗိုလ်မှုးကြီးကျော်ကျော်ဝင်း အပြင် တခြား စစ်ဆေးခံနေရတဲ့ အထိန်းသိမ်းခံနေရတဲ့လူတွေ အများကြီးရှိနေတယ်ဆိုတဲ့ ခန့်မှန်းချက်ပေါ့။

ဦးခင်မောင်ညွန့် ။ ။ မှန်ပါတယ်။ သူတို့ ဒါတွေကို ထိန်းသိမ်းပြီးတော့ အဲဒါတွေပြီးတဲ့အခါ တော်တော်ကြာမှ ထွက်လာမှာပဲ။ ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စလို့၊ ဗိုလ်ကြီးကျော်စွာမြင့် ကိစ္စလို့ အဲဒါတွေကို အပြင်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဆီမှ တဖြည်းဖြည်း ထွက်လာမှာဘဲ။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့်တော့ ဥပဒေအကြောင်းအရ အပြစ်ဒဏ် ချမှတ်လိုက်တာပေါ့။ ဒါပေမဲ့လည်း တကယ်တမ်း စီရင်ချက်ချမှတ်လိမ့်မယ်၊ သေဒဏ်ကို စီရင်လိမ့်မယ်လို့ ဦးခင်မောင်ညွန့်အနေနဲ့ ယူဆပါသလား။

ဦးခင်မောင်ညွန့် ။ ။ ကျနော်ကတော့ အခုန ဦးသန်းလွင်ထွန်း ပြောသလိုဘဲ ဒီမှာရှိတဲ့ သူတို့ရတဲ့သတင်းက ဓါတ်ပုံသတင်း တွေ၊ လက်ဆွဲနူတ်ဆက်ပြီး ဆွေးနွေးတဲ့ပုံတွေ နဲ့ ဥမင်လိုဏ်ခေါင်း တူးထားတဲ့နေရာတွေ စသဖြင့် တွေ့ရတယ်။ ဘယ်လို သေသေချာချာ နားလည်မှုယူပြီးတော့ ဘယ်လိုထုတ်လုပ်ကြမလဲ၊ ဘယ်လိုကူညီပေးကြမှာလဲ၊ တကယ့် အတွင်းပိုင်းဆိုင်ရာ inner secret ကို ဘာမှ မသိမပြုတော့ သတင်းက တကယ်အရေးကြီးတဲ့ သတင်းမျိုး မဟုတ်ဘူး။ တန်းဖိုးမရှိတဲ့ သတင်း ပေါက်ကြားမှုအတွက်ကြောင့် သေဒဏ်ပေးတယ်ဆိုတာတော့ ကျူးလွန်ခဲ့တဲ့ အတိုင်းအတာနဲ့ ပေးတဲ့ပြစ်ဒဏ်က မမျှတဘူး လို့ပဲ ထင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG