မြန်မာနိုင်ငံက ပုဂ္ဂလိကပိုင် ပုဂံလေကြောင်းလိုင်းကနေ ထိုင်း၊ တရုတ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေဆီကို ခရီးစဉ်တွေ တိုးချဲ့တော့မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဖူးခက်၊ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ် ရိပ်နဲ့ တရုတ်နိုင်ငံက ကူမင်းနဲ့ ဂွမ်ဂျိုးမြို့တွေဆီကို ပုဂံလေကြောင်း ခရီးစဉ်တွေ ထပ်တိုးပြေးဆွဲမယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နောက်ပိုင်း အမေရိကန်က မြန်မာစစ်ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စစ်အစိုးရနဲ့ စီးပွားရေး အကျိုးအမြတ် ရနေသူတွေရဲ့ ဘဏ်စာရင်းတွေကို အထုတ်အသွင်း မလုပ်နိုင်အောင် ထိန်းချုပ်ခဲ့ပြီးတဲ့နောက်မှာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အင်မတန် နီးစပ်သူ ဦးတေဇပိုင် ပုဂံလေကြောင်းလိုင်းရဲ့ စင်ကာပူ ခရီးစဉ်ကို ရပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ Air Mandalay နဲ့ Yangon Airways တို့ပြီးရင် ပုဂံလေကြောင်းလိုင်းဟာ တတိယ အကြီးဆုံး ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ပြည်တွင်းခရီးစဉ် ၂၀ လောက် ပျံသန်းနေပါတယ်။