သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုဂို ဘောလုံးအသင်း အင်ဂိုလာမှာ တိုက်ခိုက်ခံရအပြီး နေရပ် ပြန်လည်ဆင့်ခေါ်


အင်ဂိုလာနိုင်ငံမှာ တိုဂိုနိုင်ငံ ဘောလုံးအသင်း တိုက်ခိုက်ခံရပြီးတဲ့နောက် အာဖရိကဖလား ဘောလုံးပြိုင်ပွဲမှာ မပါဝင်တော့ဘဲ အိမ်ပြန်လာဖို့ တိုဂိုနိုင်ငံ ဝန်ကြီးချုပ်က ပြောပါတယ်။

အင်ဂိုလာနိုင်ငံ ကာဘင်ဒါ (Cabinda) နယ်ထဲမှာ အတိုက်ခိုက်ခံရပြီး ၂ ရက်အကြာမှာ ဝန်ကြီးချုပ် ဂေးလ်ဘာ့တ် ဟောင်ဘို (Gilbert Houngbo) က လုမ်း (Lome) မြို့မှာ ဒီနေ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တိုဂိုအလံအောက်မှာ ပြိုင်ပွဲဝင်မယ်ဆိုရင် ဒီဘောလုံးအသင်းဟာ လွဲမှားစွာ နိုင်ငံကို ကိုယ်စားပြုတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

တိုဂိုအစိုးရက ပြန်ခေါ်ပေမဲ့ ပြိုင်ပွဲ ဆက်ဝင်ပြီး ကစားဖို့ ဆုံးဖြတ်ထားကြောင်း တိုဂိုဘောလုံးအသင်းက စနေနေ့က ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်က တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဘောလုံးအသင်းဝင်တွေက ကြေညာချက် မထုတ်တော့ပါဘူး။

အသင်း အစည်းအဝေးထိုင်ပြီး ဆက်လက်ကစားဖို့ ပိုင်းဖြတ်ထားကြောင်း တိုဂို အလယ်တန်းလူ အလိုက်ဇီစ် ရိုမာအို (Alaixys Romao) က စနေနေ့က ပြောကြားပါတယ်။ တိုဂိုဘောလုံးအသင်းကတော့ သူရဲဘော ကြောင်သူတွေလို ထွက်မသွားနိုင်ပါဘူးလို့ သူက ပြောခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံကနေ အင်ဂိုလာနိုင်ငံ ကာဘင်ဒါနယ်ထဲ အဝင်မှာ တိုဂိုအသင်း ဘတ်စ်ကားကို အင်ဂိုလာ ခွဲထွက်ရေး သူပုန်တွေက လုံခြုံရေးတပ်တွေကို တိုက်ရင်း ဘောလုံးအသင်းကို တိုက်ခိုက်မိကြတာပါ။

အင်ဂိုလာမှာ အခုလို တိုက်ခိုက်မှု ဖြစ်ပွားပေမဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲပေါ်တော့ သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမား (Jacob Zuma) က ပြောပါတယ်။

အာဖရိက ဖလားပွဲကို ကြည့်ဖို့အတွက် အင်ဂိုလာမြို့တော် လူဝန်ဒါ (Luanda) ကို ရောက်ရှိပြီးတဲ့နောက် မစ္စတာဇူးမားက ဒီနေ့ပဲ ကြေညာချက် ထုတ်လိုက်တာ ဖြစ်ပါတယ်။ တောင်အာဖရိကက ကမ္ဘာ့ဖလားပွဲအတွက် ရာနှုန်းပြည့် အဆင်သင့် ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ကားမောင်းသူ၊ အသင်းလက်ထောက်နည်းပြနဲ့ ပြောရေးဆိုခွင့် ရှိသူတို့ သေဆုံးသွားကြပြီး အနည်းဆုံး ၇ ယောက် ဒဏ်ရာရရှိသွားကြပါတယ်။ ဂိုးသမားကို ခွဲစိတ်ကုသဖို့ တောင်အာဖရိကကို ခေါ်သွားခဲ့ရပါတယ်။ ပြိုင်ပွဲကို ကာဘင်ဒါနယ်မှာ ဒီနေ့ပဲ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ တိုဂိုက မနက်ဖြန် ကစားဖို့ အစီအစဉ် ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG