သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ဖောက်ခွဲဖို့ ကြိုးပမ်းသူကို စစ်ခုံရုံးတင်ဖို့ တိုက်တွန်း


အမေရိကန် လေကြောင်းလိုင်းပိုင် လေယာဉ်ကို ဒီဇင်ဘာ ၂၅ ရက်နေ့က ဖောက်ခွဲဖို့ ကြိုးစားသူ နိုင်ဂျီးရီးယားကို စစ်ခုံရုံးမှာ ရန်သူ စစ်သည်တဦး အနေနဲ့ ရုံးတင်သင့်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) က ပြောလိုက်ပါတယ်။

အမေရိကန် ရှေ့နေတယောက်က ကိုယ်စားပြုခွင့် ရှိတဲ့အတွက် ထိခိုက်စေမဲ့ သတင်းအချက်အလက်တွေ ထုတ်ပြောစရာ မလိုအောင် ဒီလူကို ဥပဒေကြောင်းအရ အကာအကွယ် ပေးရာရောက်ပြီး အမေရိကန်ဟာ အကြမ်းဖက်သမားတွေနဲ့ စစ်ဖြစ်နေပါတယ်ဆိုတဲ့ သမ္မတရဲ့အမြင်နဲ့ ဆန့်ကျင်စေတယ်လို့ မစ္စတာမက်ကိန်းက CNN ရုပ်သံနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် နိုင်ဂျီးရီးယားလူမျိုး အူမာ ဖာရွတ် အဗ္ဗဒူလ်မူတာလက်ဘ် (Umar Farouk Abdullmutalab) အပေါ် စွဲဆိုထားတဲ့ ရာဇဝတ်မှု ၆ မှုကို ဂျူရီအဖွဲ့က လက်ခံခဲ့ပြီးနောက် သောကြာနေ့က ပထမဆုံးအကြိမ် သူ့ကို ရုံးထုတ်ပါတယ်။ ဒီစွဲချက်တွေထဲမှာ ဖျက်အားပြင်း လက်နက်တွေ အသုံးပြုမှု၊ လူသတ်ဖို့ ကြိုးစားမှုတို့ ပါဝင်ပါတယ်။

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကနေ ပျံသန်းလာတဲ့ လေယာဉ်ကို ဝေဟင်ထဲမှာ ဖောက်ခွဲဖို့ အဗ္ဗဒူလ်မူတာလက်ဘ်က ကြိုးစားခဲ့တာလို့ တရားလိုတွေဘက်က စွပ်စွဲခဲ့တာပါ။

သောကြာနေ့က ဒိထရွိုက်မြို့ တရားရုံးမှာ ရုံးထုတ်တော့ အဗ္ဗဒူလ်မူတာလက်ဘ်က သူ့အပေါ် စွဲဆိုချက်တွေနဲ့ ပတ်သက်လို့ သူ့မှာ အပြစ်မရှိဘူးလို့ ပြောခဲ့ပါတယ်။ တကယ်လို့သာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင် ထောင်ဒဏ်တသက် ကျခံရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG