သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မ လုပ်အားပေးစာချုပ် သက်တမ်းတိုးရေး ILO မြန်မာပြည် သွားမည်


ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ရဲ့ အမှုဆောင် ဒါရိုက်တာ မစ္စတာ ကာရီ တာပီယိုလာ (Kari Tapiola) ဟာ လာမယ့် သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှု စာချွန်လွှာ သက်တမ်းတိုးဖို့ စာချုပ် ချုပ်ဆိုဖို့အတွက် လာရောက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သား ပပျောက်စေမှုအပြင် ILO ကို တိုင်ကြားမှုနဲ့ ဆက်နွယ်ပြီး ထောင်ဒဏ်ပြစ်ဒဏ်တွေ ကျခံနေရသူတွေနဲ့ ဒီပြစ်ဒဏ် ကျခံသူတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးဖိုးဖြူတို့နဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီးနဲ့ မြန်မာနိုင်ငံတို့ကြား လုပ်အား အဓမ္မ ခိုင်းစေမှုဆိုင်ရာ တိုင်ကြားသူတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ မနှစ်က ILO အမှုဆောင် ဒါရိုက်တာ မစ္စတာ ကာရီ တာပီယိုလာနဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ တနှစ်ထပ်ပြီး သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့ကြသလို ဒီနှစ်မှာလည်း ထပ်မံ သက်တမ်းတိုးဖို့အတွက် လာမယ့် တနင်္ဂနွေနေ့မှာ မစ္စတာ တာပီယိုလာ လာရောက်မယ်လို့ ILO ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှဲလ် (Steve Marshall) က ပြောပါတယ်။

“သူဟာ နေပြည်တော်မှာ ဒီနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။ ဒါ့အပြင် မြန်မာအစိုးရ အဆင့်မြင့် အရာရှိကြီး တော်တော်များများနဲ့လည်း အဓမ္မလုပ်အား ခိုင်းစေမှု ဆိုင်ရာတွေကို တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မှာပါ။ နောက် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းမှု မပြုရေးအတွက် ဖွဲ့စည်းထားတဲ့ ကော်မတီ အဖွဲ့ဝင်တွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဖို့ရှိတဲ့အပြင် ILO နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဥပမာ လွတ်လပ်တဲ့ အသင်းအပင်း ဖွဲ့စည်းမှုဆိုင်ရာလိုမျိုး ကိစ္စရပ်တွေကိုလည်း သက်ဆိုင်ရာတွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။” လို့ ပြောသွားပါတယ်။

မစ္စတာ တာပီယိုလာဟာ ဇန်န၀ါရီလ ၁၇ ရက်နေ့ကနေ ၂၄ ရက် တနင်္ဂနွေနေ့အထိ တပတ်ကြာ မြန်မာနိုင်ငံထဲမှာ ရှိနေမှာဖြစ်ပြီး ILO နဲ့ မြန်မာအစိုးရတို့ကြား ထားရှိတဲ့ ကတိက၀တ်အတိုင်း ဒီပြဿနာတွေကို အတူတကွ အနီးကပ် ဆောင်ရွက်ကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ မြန်မာနိုင်ငံတွင်း တချို့နေရာတွေကိုလည်း ကိုယ်တိုင်သွားရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“သူဟာ လူကုန်ကူးမှုဆိုင်ရာ အစည်းအဝေး ပြုလုပ်မယ့် ပုဂံမြို့ကို သွားရောက်မှာ ဖြစ်တဲ့အပြင် အောင်လံမြို့ကိုလည်း သွားဦးမှာ ဖြစ်ပါတယ်။ အောင်လံမှာက လယ်သမားတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အများအပြားရှိနေတာ အချိန်အတော်ကြာနေပါပြီ။” လို့ ပြောသွားပါတယ်။

အောင်လံဒေသတ၀ိုက်က တောင်သူလယ်သမားတွေ ILO ကို တိုင်ကြားတာနဲ့ ပတ်သက်ပြီး အမှုပေါင်း ၁၂ မှုကို နေပြည်တော်က မကြာခင်ကမှ တောင်းယူ ကြည့်ရှုနေတယ်လို့ အောင်လံမြို့ခံတွေက ပြောပါတယ်။ ဒီအမှုတွေအတွက် ရုံးချိန်းကို ဇန်န၀ါရီလ ၂၉ ရက်နေ့ကို ပေးထားပါတယ်။ အောင်လံဝန်းကျင်ဒေသက လယ်သမားတွေ ILO ကို တိုင်တန်းရာမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူဟာလည်း တိုင်ကြားတဲ့သူတွေထဲက တချို့နဲ့အတူ အခုအခါ သရက်ထောင်ထဲမှာ ပြစ်ဒဏ်ချမှတ်တာ ခံနေရပါတယ်။ ဦးဖိုးဖြူရဲ့အမှုဟာ ILO အတွက် အရေးပါတဲ့ စာရင်းထဲမှာ ပါဝင်ပြီး သူ့ကို ပြန်ပြီး လွှတ်ပေးဖို့အတွက် ILO က အာဏာပိုင်တွေနဲ့ မပြတ် ဆွေးနွေးနေပါတယ်လို့လည်း မစ္စတာမာရှဲလ်က ပြောပါတယ်။

“မစ္စတာ တာပီယိုလာဟာ ဒီအမှုနဲ့ ပတ်သက်ပြီး တင်ပြဖို့ ရှိပါတယ်။ သူ့တယောက်တည်းအတွက် မဟုတ်ပါဘူး။ တခြား ပြန်ပြီးလွှတ်ပေးဖို့ လိုအပ်တယ်လို့ ကျနော်တို့ ယုံကြည်တဲ့ တခြား အကျဉ်းသား အများအပြားလည်း ရှိနေတာမို့ သူတို့အတွက်ပါ ဆွေးနွေးဖို့ ရှိပါတယ်။ ဒီလူတွေအားလုံး ပုံမှန်ဘ၀ကို ပြန်ပြီးရဖို့ အရေးကြီးပါတယ်။” လို့ ပြောသွားပါတယ်။

အခုလောလောဆယ် သရက်ထောင်ထဲမှာ ရှေ့နေ ဦးဖိုးဖြူအပြင် ILO ကို တိုင်ကြားမှုနဲ့ ဆက်နွယ်ပြီး အထိန်းသိမ်းခံနေရသူ အများအပြား ရှိနေတာမို့ သူတို့ကို တွေ့ခွင့်ရဖို့ တောင်းခံခဲ့ပေမဲ့ အခုထိ အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ ထောင်တွင်း နေထိုင်ရတဲ့ အခြေအနေကိုတော့ ILO က အမြဲစောင့်ကြည့် မှတ်တမ်းတင်ထားတယ်လို့လည်း ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG