သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြီးသတ် လျှောက်လဲချက်ကိစ္စ ဒေါ်စုနဲ့ ရှေ့နေများ တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ အကျိုးဆောင်ရှေ့နေ ၂ ဦးဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်ချပြီး အရေးယူထားတဲ့ ကိစ္စဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း တရားရုံးကို တင်ပြလျှောက်ထားတဲ့ အမှုမှာ လာမယ့် ၁၈ ရက်နေ့ကျရင် ပြင်ဆင်မှု အပြီးသတ် လျှောက်လဲချက် တင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ ဒီအကြောင်း အပြည့်အစုံ သိနိုင်ဖို့ ရှေ့နေ ဦးကြည်ဝင်းကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့တယ်လို့ ကြားပါတယ်။ ဘာအကြောင်း သွားတွေ့တာပါလဲ၊ ဘာတွေထူးပါသလဲ။

“နေ့လယ် ၂ နာရီမှာ သွားတွေ့ခွင့် ရပါတယ်။ ဘာအကြောင်းလဲဆိုတော့ ၁၈ ရက်နေ့မှာ သူ့ရဲ့ ပြင်ဆင်မှု တရားရုံးချုပ်မှာ အပြီးသတ် လျှောက်လဲချက် ရှိတယ်။ အပြီးသတ်ဆိုတာ ဟိုဘက် ၁၈ ရက်နေ့တုန်းက လက်ခံသင့်၊ မသင့် ပြောတော့ ရုံးက လက်ခံလိုက်ပြီ။ ရုံးက လက်ခံလိုက်တော့ ကျနော်တို့က အပြီးသတ် လျှောက်လဲချက် ပေးရမှာပေါ့။

“အဲဒါအပြင် ရှေ့နေချုပ်ရုံးကလည်း ပြင်ဆင်မှုတခု တက်တယ်။ ပြင်ဆင်မှု တက်တာက တိုင်းတရားရုံးက ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တိုတိုပြောရင်တော့ မရှိတော့ဘူးဆိုတဲ့ သဘောမျိုး ဆုံးဖြတ်လိုက်တယ်။ အဲဒါကို မှားတယ်ဆိုပြီး သူတို့က တက်တယ်။ အဲတော့ သူတို့ဟာလည်း အပြိုင်အဆိုင်၊ သူတို့ဟာလည်း လက်ခံလိုက်တော့ ကျနော်တို့ အခုလာမယ့် ၁၈ ရက်မှာ သူတို့ဟာကိုလည်း ချေပပြောရမယ်။”

အမှုရဲ့ အခြေအနေက ပိုပြီး ရှုပ်ထွေးလာတယ်ဆိုတဲ့ သဘောလား၊ လုပ်စရာတွေ ပိုများလာတယ်ဆိုတဲ့ သဘောလားခင်ဗျ။

“နှစ်ခုစလုံးပေါ့။ ရှုပ်ထွေးလာတဲ့ သဘောလည်း ပါတယ်။ လုပ်စရာတွေလည်း ပိုများလာတယ်။”

အခုက ပိုပြီး ကြာလာမယ်ဆိုတဲ့ သဘောလားခင်ဗျ။

“ကြာတော့ မကြာဘူးဗျ။ ဒီ ၁၈ ရက်နေ့မှာ ကျနော်တို့ လျှောက်လဲမယ်။ ကျနော်တို့အမှုလည်း ကျနော်တို့ စလျှောက်လဲ၊ သူတို့က ပြန်ပြီးတော့ ချေပ။ ပြီးတော့ သူတို့အမှု သူတို့လျှောက်လဲ၊ ကျနော်တို့က တခါ ချေပ။ ဒါပါပဲ။ အဲဒါကို တရားရုံးက ဆုံးဖြတ်ဖို့ပဲ။ အဓိကတော့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ အတိုင်းပေါ့ဗျာ။ ၁၉၈၈ ခုနှစ်အတွင်းက ဖြစ်ခဲ့တဲ့ အရပ်ရပ် အခြေအနေ၊ သုံးထားတဲ့ စကားက အရပ်ရပ် အခြေအနေကြောင့် ရပ်ဆိုင်းသွားခဲ့သည်ဟု မှတ်ပါ။ ဒါပဲ။

“အဲတော့ ရပ်ဆိုင်းသွားတာကို ကျနော်တို့က လက်ခံတယ်။ တနည်းအားဖြင့် လက်ခံရုံတင် မဟုတ်ဘူး၊ မှန်ကန်တယ်။ သို့သော် ရှေ့နေချုပ်ရုံးက ပြောတာက ရပ်ဆိုင်းသွားသော်လည်း အချို့ပြဋ္ဌာန်းချက်တွေက ၂၀၀၈ နဲ့ ဆန့်ကျင်ခြင်းမရှိတဲ့ အခြေအနေမှာ အဲဒါတွေက အတည်ဖြစ်တယ်ဆိုပြီး ပြောတယ်။ အဲဒီနေရာလေး ရှုပ်နေတာပေါ့၊ ဒါပဲ။”

ဟုတ်ကဲ့၊ ဆရာတို့ အခြေခံတာက ၁၉၇၄ ခု ဥပဒေကို အခြေခံပြီး ပြောနေတာပေ့ါ။

“ဟုတ်တယ်၊ တောက်လျှောက်ကလည်း အဲဒါပဲ။”

ဆရာတို့ဘက်ကလည်း ၂၀၀၈ ခုနှစ် ဥပဒေအရ ၇၄ ခု ဥပဒေက ရပ်ဆိုင်းသွားပြီဆိုတာ သဘောတူတယ်ပေါ့။

“လက်ခံတယ်၊ ကောင်းကောင်း လက်ခံတယ်။ အဲတော့ အတိုချုံးပြောရင် ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ရပ်ဆိုင်းသွားပါပြီလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ဟာမှာ အဲဒီ ရပ်ဆိုင်းနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅ ခု ဆွဲထုတ်တယ်။ အခန်း ၁၁ က ပုဒ်မ ၅ ခု၊ ဆိုတော့ အခန်း ၁၁ ကလည်း ရပ်ဆိုင်းပြီ။ အဲဒီပုဒ်မတွေကလည်း ရပ်ဆိုင်းပြီ။ အဲဒါတွေ ဆွဲထုတ်ပြီးတော့ သူ့ကို ဒီခြံထဲက ဘယ်မှမသွားနဲ့ ဘာညာပေါ့ဗျာ၊ ကျန်တာတွေလည်း ကန့်သတ်လိုက်တယ်။ တရားဝင်မလား၊ ဒါပဲ။ ရိုးရိုးလေးပဲ၊ ရှင်းရှင်းလေးပဲ။”

အဲဒါကို တရားဝင်မလားပေါ့။

“အင်းပေါ့၊ ဘယ်ဝင်မလဲ။ ခုနပြောတဲ့ ပုဒ်မ ၁၄၈၊ ၁၅၇၊ ၁၅၈၊ ၁၅၉၊ ၁၆၀ ဒီပုဒ်မ အသေတွေကို ထုတ်ပြီးတော့ အရေးယူထားတာဟာ ဘယ်လိုမှ တရားမဝင်နိုင်ဘူး။ ဘာနည်းနဲ့တွက်တွက်၊ ဒါပဲ။“

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကရော ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ ဘာများ ပြောလိုက်ပါသေးလဲခင်ဗျ၊ ထူးထူးခြားခြား။

“သူ ကျနော်တို့ရေးထားတဲ့ လျှောက်လဲချက်ကို ဖတ်တယ်။ ဖတ်ပြီးတော့ သူလည်း နည်းနည်းဆွေးနွေးတယ်။ ဆွေးနွေးတော့ ကျနော်တို့ကလည်း တော်တော်များများ ထည့်ပြီးသား ဖြစ်နေပါပြီ။ သူလည်း ထပ်ပြီးတော့ ဖြည့်စွက်ပြီး ကောင်းပါတယ်ပေါ့၊ ပြီးပြီ။”

ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG