သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွင့်အရေး အကင်းမဲ့ဆုံး လူတွေထဲ မြန်မာတွေ ပါဝင်


မြန်မာလူထုဟာ နိုင်ငံရေး အခွင့်အရေးတွေလည်း မရှိ၊ နိုင်ငံသား အခွင့်အရေးတွေလည်း မခံစားရ ဖြစ်နေတဲ့အတွက် ကမ္ဘာတဝန်း လွတ်လပ်မှု အဆင့်အတန်းမှာ အဆိုးတကာ့ အဆိုးဆုံး နိုင်ငံတွေ စာရင်းထဲ ပါဝင်နေဆဲပဲ ရှိပါသေးတယ်။ အမေရိကန် ပြည်ထောင်စု အခြေစိုက် Freedom House အဖွဲ့က ဇန်နဝါရီလ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ စစ်တမ်းမှာ အဲဒီလို သတ်မှတ်ထားတာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

လွတ်လပ်မှု ကင်းမဲ့တယ်ဆိုတဲ့ ကမ္ဘာတဝန်း ၄၇ နိုင်ငံ စာရင်းထဲမှာမှ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၉ နိုင်ငံနဲ့ နယ်မြေဒေသ တခုတို့ဟာ နိုင်ငံရေး အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးတွေမှာ အနိမ့်ဆုံးအဆင့် ရှိနေတယ်လို့ Freedom House အဖွဲ့က စစ်တမ်းကောက်ယူ ပြုစုပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဖိနှိပ်မှုတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးပြီးတော့ ထောင်ချတာတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လျော့ပါးမသွားဘဲ ပိုတိုးလာသလို မြန်မာလူထု အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ကိုယ့်သဘောနဲ့ကိုယ် လွတ်လွတ်လပ်လပ် ပါဝင်ခွင့် မရတာကြောင့် နိုင်ငံရေး အခွင့်အရေး မရှိဘူးလို့ သတ်မှတ်တာ ဖြစ်တဲ့အကြောင်း Freedom House အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ သုတေသနမှူး ဆာရာ ကွတ်ခ် (Sarah Cook) က ရှင်းပြပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှိမရှိ၊ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့အညီ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ဖြစ် မဖြစ်၊ လွတ်လပ်စွာ စုဝေး ဖွဲ့စည်းခွင့်တွေ ရှိ မရှိ ဆိုတာတွေဟာ နိုင်ငံသား အခွင့်အရေးတွေကို တိုင်းတာတဲ့အချက်တွေ ဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။ ဒီနေရာမှာလည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရမ်းကို ဆိုးနေပါတယ်လို့ သူကပြောပါတယ်။

“စိတ်မကောင်းစရာကတော့ မြန်မာနိုင်ငံမှာ အဲဒီလွတ်လပ်ခွင့်တွေ အတွက် နေရာလုံး၀ မရှိတာပါဘဲ။ လူထုအများစုဟာ နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်ခွင့် မရှိသလောက်ဖြစ်ပြီး သာမန် အရပ်သူ အရပ်သားတွေ အနေနဲ့ အဲဒီလို လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ အခွင့်အရေး မရကြပါဘူး။ ဒီအချက်တွေဟာ မြန်မာနိုင်ငံကို အဆိုးတကာ့ အဆိုးဆုံး စာရင်းထဲမှာ ထည့်လိုက်တာပါပဲ။”

မြန်မာနိုင်ငံဟာ ဒီလို လွတ်လပ်မှုမရှိတဲ့ အဆိုးဆုံး အဆင့်အတန်းမှာ အခုတကြိမ်မှ သတ်မှတ်ခံရတာတော့ မဟုတ်ပါဘူး။ Freedom House အဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာတဝန်း လွတ်လပ်မှု စစ်တမ်းမှာ နှစ်စဉ်လို သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခြေအနေက နည်းနည်းလေးမှကို ကောင်းမလာဘဲ ပိုပို ဆိုးလာနေတယ်လို့ မစ်စ်ဆာရာက ပြောပါတယ်။ အာရှတိုက်မှာ ပြီးခဲ့တဲ့နှစ်အတွင်း တိုးတက်မှု အနည်းအကျဉ်း ရှိခဲ့တယ် ဆိုတာကို Freedom House အဖွဲ့က လက်ခံ ဖော်ပြထားပေမဲ့ မြန်မာ၊ တရုတ်၊ တိဘက်နဲ့ မြောက်ကိုရီးယားတို့မှာ အခြေအနေတွေဟာ စိုးရိမ်ဖွယ် ရှိနေတုန်းပဲလို့ ဆိုထားပါတယ်။

တရုတ်နိုင်ငံနဲ့ တိဘက်ဒေသတို့မှာ သိပ်မကြာခင် အပြောင်းအလဲတွေ ဖြစ်မလာနိုင်ပေမဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအစိုးရတွေကတော့ သိပ်ပြီး ခိုင်မြဲမယ့်ပုံ မရှိတော့ဘူးလို့ Freedom House အဖွဲ့ရဲ့ သုတေသနဆိုင်ရာ ညွှန်ကြားရေးမှူး အာ့ခ် ပတ်ဒင်တန် (Arch Puddington) က ပြောပါတယ်။

“မြောက်ကိုရီးယားမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်သလို မြန်မာနိုင်ငံမှာလည်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီနိုင်ငံတွေမှာက ပြည်သူလူထုကနေ အုပ်ချုပ်တဲ့ အစိုးရကို ကြောက်နေကြရတာပါ။ အဲဒီလိုမျိုး အစိုးရတွေက မတည်ငြိမ်ပါဘူး။ အခြေမခိုင်တဲ့ အချက်တွေ အများကြီးရှိပါတယ်။”

ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ကြေညာထားပေမဲ့ ရွေးကောက်ပွဲ လုပ်လိုက်တာနဲ့ လွတ်လပ်မှု အခြေအနေ တိုးလာမှာ မဟုတ်ဘဲ ရွေးကောက်ပွဲတွေကို ဘယ်လိုလုပ်တယ် ဆိုတာကို ကြည့်ကြရလိမ့်မယ်လို့ ဆာရာ ကွတ်ခ်က ပြောပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်းမှာကို ဆက်လက်ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေဆဲ ရှိတာကို သူက ထောက်ပြပြီး မြန်မာစစ်အစိုးရဟာ ရွေးကောက်ပွဲကို သူတို့စိတ်ကြိုက် အခိုင်အမာ လုပ်နိုင်အောင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေတာပဲလို့ သူက ဆိုပါတယ်။

“ဒါကြောင့် ကျမတို့ စောင့်ကြည့်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို တွေ့ရရင် ကျမတို့ အရမ်းဝမ်းသာမှာပါ။ လက်ရှိအချိန်မှာတော့ အခုလောလောဆယ် ဖြစ်နေတာတွေရယ်၊ အာဏာပိုင်တွေက လုပ်ထားပြီးသား ကိစ္စတွေရယ်ကို ကြည့်မယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတမယ်လို့ စိတ်ကူးကြည့်ဖို့ရာ ခက်လှပါတယ်။”

Freedom House အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ သုတေသနမှူး ဆာရာ ကွတ်ခ် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်တည်ဆောက်ဖို့ ဒါမှမဟုတ် အခြေအနေတွေ တိုးတက်လာဖို့ ဆိုပြီး နိုင်ငံတကာ အသိုက်အဝန်းက ကြိုးပမ်းလုပ်ဆောင်တာတွေဟာ အများအားဖြင့် မအောင်မမြင် ဖြစ်ခဲ့ပြီး လွတ်လပ်မှု အနိမ့်ဆုံး နိုင်ငံတခုအဖြစ် ဆက်ရှိနေတာ ဖြစ်တယ်လို့ Freedom House ရဲ့ သုတေသနဆိုင်ရာ ညွှန်ကြားရေးမှူး အာ့ခ် ပတ်ဒင်တန်ကလည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG