သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားကြီး ငလျင်ဒဏ်ကြောင့် ဟေတီမှာ လူထောင်ချီ သေဆုံးဖွယ်ရှိ


ကာရေဘီယံ ဒေသက ဟေတီနိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်တခု အင်္ဂါနေ့ ညနေပိုင်းက လှုပ်ခတ်သွားခဲ့လို့ အဆောက်အဦးတွေ၊ လူတွေ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ကာရေဘီယံ ဒေသမှာ အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင် ဖြစ်ပါတယ်။

ပြင်းအား ၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေက ထွက်လာတဲ့ ဖုန်မှုန့်တွေဟာ ကောင်းကင်တခုလုံး ဖုံးလွှမ်းနေပါတယ်။ လူတွေ ထောင်နဲ့ချီပြီး သေဆုံးနိုင်ချေ ရှိပါတယ်။

ဟေတီမှာရှိတဲ့ ကုလသမဂ္ဂ လုပ်သားတွေ တော်တော်များများ အပါအဝင် လူတွေ အမြောက်အမြား ပျောက်ဆုံးနေပါတယ်။ ဟေတီမှာ တာဝန်ကျတဲ့ ကုလသမဂ္ဂ အကြီးအကဲ ဟီဒီ အန်နာဘီ (Hedi Annabi) လည်း သေဆုံးသွားခဲ့ပြီလို့ ယူဆရတဲ့အကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဘားနတ် ကူချနာ (Bernard Kouchner) က ပြင်သစ်ရေဒီယိုကို ပြောပါတယ်။

အဲဒီငလျင်ဟာ ဟေတီနိုင်ငံရဲ့ မြို့တော် ပို့တ် အို ပရင့်စ် (Port-au-Prince) မြို့နဲ့ ၆ မိုင်ကျော်ကျော် အကွာမှာ ဗဟိုပြုခဲ့တာပါ။ နောက်ဆက်တွဲ တုန်ခါမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး အဲဒီမှာ ပြင်းအား ၅.၉ ရှိပါတယ်။ မြို့တော်ကလာတဲ့ သတင်းတွေအရ တမြို့လုံးလိုလို ပြိုကျပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတွေ ပြောပြချက်အရ လမ်းမတွေပေါ်မှာလည်း လူသေအလောင်းတွေ ဖုံးနေတယ်လို့ ဆိုပါတယ်။ ဘယ်လောက် ထိခိုက်ပျက်စီးမှုတွေ ရှိတယ်ဆိုတာ အသေးစိတ် မသိနိုင်ဘဲ ဖြစ်နေတယ်၊ ဘာကြောင့်လဲဆိုတော့ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတာကြောင့်လို့ ကုလသမဂ္ဂ အရာရှိက ပြောပါတယ်။

ဟေတီမှာရှိတဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိန်းဌာန အဆောက်အဦးလည်း ပြိုကျ ပျက်စီးသွားပြီလို့ ဆိုပါတယ်။ ငလျင်ကြောင့် အဲဒီ အဆောက်အဦး ပြိုကျသွားတဲ့ အချိန်မှာ အဆောက်အဦးထဲမှာ လူတွေလည်း တော်တော်များများ ရှိနေပြီး ဘယ်သူ့ကိုမှ မကယ်တင်နိုင်ခဲ့ဘူးလို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း အဖွဲ့ရဲ့ အကြီးအကဲ အယ်လ်လင်း လီ ရွိုင် (Alain Le Roy) က ပြောပါတယ်။ သမ္မတအိမ်တော်နဲ့ အစိုးရ အဆောက်အဦး တော်တော်များများလည်း ပျက်စီးသွားခဲ့ပါတယ်။

ဟေတီမှာ ကယ်ဆယ်ရေးဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ ဒီငလျင်ဒဏ်ကို ခံရတဲ့ လူဦးရေ ၃,၀၀၀,၀၀၀ လောက်အထိ ရှိလိမ့်မယ်လို့လည်း ကြက်ခြေနီအဖွဲ့က တွက်ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ အဖွဲ့ချုပ်ကလည်း ဟေတီရဲ့ ငလျင်ဒဏ်ထိ ဒုက္ခသည်တွေကို အကူအညီပေးမယ်လို့ ကတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG