မြန်မာနိုင်ငံမှာ စက်တင်ဘာလကတည်းက ဖမ်းဆီးခံရပြီး နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ မှတ်ပုံတင် ဥပဒေတွေနဲ့ တရားစွဲဆို ခံနေရတဲ့ အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင် ပြန်လွတ်လာရေးအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အနေနဲ့ ဖြစ်နိုင်သမျှ သံတမန်ရေးနည်းတွေ သုံးပြီး ဆောင်ရွက်ဖို့ အမေရိကန် ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် ဂျိုးပစ်တ်စ် (Joe Pitts) က တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃ ရက်နေ့ကတည်းက မြန်မာအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတာ ဖြစ်ပြီးတော့ ဒါဟာ တရားမဲ့ ဖမ်းဆီးမှု ဖြစ်တယ်လို့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် ဂျိုးပစ်တ်စ်က ပြောလိုက်ပါတယ်။ ဒီအတွက် ကိုညီညီအောင် ပြန်လွတ်လာဖို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အနေနဲ့ အစွမ်းကုန် ဆောင်ရွက်ပေးပါလို့ သူက တိုက်တွန်းပါတယ်။
“ကိုညီညီအောင်ကို လွှတ်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အနေနဲ့ တရားဝင် ပြောဆိုဖို့ ကျနော် တောင်းဆိုပါတယ်။ ဆေးကုသခွင့် ရဖို့နဲ့ အမေရိကန် ပြည်ထောင်စုကို သူ ပြန်လာနိုင်ဖို့ ဖြစ်နိုင်သမျှ သံတမန်ရေး နည်းလမ်းတွေ အသုံးပြုပါ။ သူ့ကျန်းမာရေး အခြေအနေအတွက် စိုးရိမ်ရပါတယ်။”
အခုကိစ္စဟာ မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံတကာ ကျင့်ဝတ်၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေတာ ဖြစ်တယ်လို့လည်း ဂျိုးပစ်တ်စ်က ပြောသွားပါတယ်။
“ကိုညီညီအောင်ဟာ တရားရင်ဆိုင်နေရတုန်း အကျဉ်းထောင်ထဲမှာ ရှိနေစဉ်မှာ အစာမကြွေးတာ၊ မအိပ်ခိုင်းတာ၊ ရိုက်နှက်တာ စတာတွေ လုပ်ခံရပါတယ်။ ဆေးဝါးကုသခွင့်လည်း မရပါဘူး။ မြန်မာအစိုးရဟာ နိုင်ငံတကာ ဥပဒေအရ သူတို့ လိုက်နာဆောင်ရွက်ရမယ့် အရာတွေကို လျစ်လျူပြုထားပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အခြေခံ ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေး သဘောတရားတွေကိုလည်း ချိုးဖောက်နေပါတယ်။”
ကိုညီညီအောင်ကို စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ တရားမ၀င် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတွေနဲ့ မြန်မာအာဏာပိုင်တွေက တရားစွဲဆို ထားပါတယ်။ တကယ်တော့ ကိုညီညီအောင်ဟာ သူ့ရဲ့ မွေးရပ် မြန်မာနိုင်ငံတွင်းက အဖိနှိပ်ခံ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသူ ဖြစ်တယ်လို့ အောက်လွှတ်တော်အမတ် ဂျိုးပစ်တ်စ်က ပြောသွားပါတယ်။
“ကိုညီညီအောင်ဟာ သူ့ရဲ့ မွေးရပ် မြန်မာနိုင်ငံအတွင်းက အဖိနှိပ်ခံ ပြည်သူတွေ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ခံစားနိုင်ခွင့်ရဖို့ ကြိုးစားနေသူပါ။ တနိုင်ငံလုံးဟာ အကျဉ်းထောင်တခုလို ဖြစ်နေတဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။”
အောက်လွှတ်တော်အမတ် ဂျိုးပစ်တ်စ်ဟာ အမေရိကန် လွှတ်တော်အတွင်း မြန်မာ့ ဒီမိုကရေစီရေးအတွက် ရှေ့တန်းကနေ အားပေး ဆောင်ရွက်နေတဲ့ အမတ်တဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း မြန်မာနိုင်ငံတွင်း စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြတဲ့ နိုင်ငံတကာအမတ် ၄၀၀ ကျော်ထဲမှာလည်း ဦးဆောင်ပါဝင် တောင်းဆိုခဲ့သူတဦး ဖြစ်ပါတယ်။