မြန်မာစစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ့် ရွေးကောက်ပွဲပါလို့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ကတိပေးလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ မနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။ ဘယ်နေ့ကျင်းပမယ် ဆိုတာကို မသတ်မှတ်ရသေးပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုပ်စရာရှိတာတွေ အကုန်လုံး လုပ်နေပါတယ်လို့ ဆိုပါတယ်။
သူပြောသလို တကယ်ပဲ ဖြစ်လာနိုင်ပါ့မလား၊ မှန်ကန်တဲ့ ရွေးကောက်ပွဲရလဒ် တကယ်ပဲ ထွက်လာနိုင်ပါ့မလား ဆိုတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေရဲ့ အမြင်ကို သိနိုင်ဖို့ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတပါမယ်လို့ နိုင်ငံတကာကို ပြောနေပါပြီ။ သူပြောသလို တကယ်ပဲ ဖြစ်လာလိမ့်မယ်လို့ ဦးသုဝေတို့ ထင်ပါသလား။
“သူတို့က ရွေးကောက်ပွဲကို တရားမျှတအောင် လုပ်မယ်ဆိုရင် ကောင်းတာပေါ့။ ကျနော်တို့လည်း ကြိုက်တာပေါ့။ တကယ်သာ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။”
ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲကလည်း တရားမျှတတယ်လို့ ပြောကြတာပဲ၊ ဒါပေမဲ့ အများလိုချင်တဲ့ အဖြေ ထွက်မလာဘူးလေ။
“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ အခုကာလနဲ့တော့ မတူဘူး၊ အခြေအနေချင်း မတူဘူးလေ။ အဲဒီအခြေအနေ ပေါ်မှာတော့ စဉ်းစားရမှာပေါ့။ ဟိုတုန်းက အခြေအနေက တမျိုး၊ အခုအခြေအနေကလည်း တမျိုးပါ။”
ဆရာက ဘယ်လိုတွက်ထားလို့လဲခင်ဗျ။
“ထွက်လာမယ့် ရလဒ်က ၉၀ ခုနှစ်ကလိုတော့ လုပ်လို့မရတော့ဘူးလို့ ထင်ပါတယ်။”
ဒီတခေါက်တော့ အများလိုချင်တဲ့ ရလဒ် ထွက်လာမယ်လို့ ဆရာက ယုံကြည်ထားလို့လား။
“ဟုတ်ပါတယ်။ အဲဒီလိုပဲ ယုံကြည်လို့ပါ။”
ဘယ်အချက်ကိုကြည့်ပြီး ယုံကြည်တာပါလဲ။
“အပြောင်းအလဲတခုက စစ်အစိုးရစနစ်မှ အရပ်သားအစိုးရ စနစ်ကို ပြောင်းသွားမှာဆိုတော့ အပြောင်းအလဲ တခုလို့ ယူဆတယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲကိုလည်း ကျနော်တို့ အားလုံးက ဝိုင်းပါဝင်ပြီး ကြိုးစားရမှာပေါ့။ ဒီလိုမှ မကြိုးစားရင်လည်း အလိုလို ဖြစ်လာမယ် မဟုတ်ဘူးလို့ ယူဆပါတယ်။”
ဒီရွေးကောက်ပွဲမှာ ဘယ်လိုထင်ပါလဲ၊ နိုင်ငံတကာရဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးက လာပြီး စောင့်ကြပ်တာမျိုး လိုချင်သလား၊ ဒီအတိုင်းပဲ မြန်မာစစ်အစိုးရ လုပ်တာနဲ့ပဲ ယုံကြည်စရာကောင်းတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ ထင်ပါသလားခင်ဗျ။
“ယုံကြည်စရာဆိုတာတော့ ဒီလိုပါ၊ ကုလသမဂ္ဂတို့ အာဆီယံတို့ ဘာတို့လာရင် အကောင်းဆုံးပေါ့။ အဲဒါကို ကျနော်တို့ ပိုကြိုက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တရားမျှတမှု ဖြစ်စေချင်တာကိုး။ ဒါပေမဲ့ အဲဒါ လာလို့ရသလား၊ မရဘူးလား အဲဒါတော့ မသိဘူး။”
ပြည်သူ့ဆန္ဒခံယူပွဲ လုပ်တုန်းကလည်း နိုင်ငံတကာကို မကြည့်ဘူး၊ ပြည်သူတွေရဲ့ တကယ့်ဆန္ဒကို မကြည့်ဘဲနဲ့ သူတို့သဘောအတိုင်း လုပ်သွားတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။ ဒီရွေးကောက်ပွဲကို အဲဒီလို လုပ်သွားမယ် ဆိုရင်ရော။
“ပြည်သူ့ဆန္ဒခံယူပွဲတုန်းကတော့ ဟုတ်တယ်လေ၊ သူတို့ တဖက်သတ် လုပ်သွားတာပဲကိုး။ ဘာဖြစ်လို့လဲဆိုတော့ အတိုက်အခံလည်း မရှိဘူး၊ စောင့်ကြည့်မယ့်လူလည်း မရှိဘူး။ ဘယ်သူမှ မရှိဘူးဆိုတော့ လုပ်ချင်တာ လုပ်သွားလို့ ရတာပေါ့။ ဒါပေမဲ့ အခုရွေးကောက်ပွဲကတော့ ပါတီစုံက ပါမှာဆိုတော့၊ ပါတီစုံရဲ့ ကိုယ်စားလှယ်ရှေ့မှာ လုပ်ရမှာဆိုတော့ ဆန္ဒခံယူပွဲလို လုပ်လို့မရပါဘူး။”
ဆရာတို့ကတော့ အခု ဒီတခေါက် ရွေးကောက်ပွဲကို ဝင်ဖို့ ပြင်ဆင်နေပြီပေါ့လေ။
“ဟုတ်ပါတယ်၊ ပြင်ဆင်တာပါ။”
လွတ်လွတ်လပ်လပ် လုပ်ခွင့်ရပြီလား၊ ဆရာတို့ လုပ်ငန်းတွေ လုပ်ရတာ လွယ်လွယ်ကူကူ ရှိရဲ့လားခင်ဗျ။
“လွတ်လွတ်လပ်လပ်ဆိုတာကတော့ တရားဝင် မဟုတ်သေးဘူးလေ။ တရားဝင် မဟုတ်တဲ့အခါကျတော့ လွတ်လွတ်လပ်လပ်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ကျနော်တို့က မလုပ်လို့လည်း မဖြစ်ဘူးဆိုတော့ ဥပဒေဘောင်ထဲကလည်း လွတ်အောင်ဆိုပြီး လူများများတော့ မဟုတ်ဘူးပေါ့ဗျာ၊ ၁၀ ယောက် ၁၅ ယောက်၊ တစုတစု အဲဒီလိုပဲ လုပ်တာပေါ့။ အဲဒါတွေတော့ အနှောင့်အယှက် မရှိပါဘူး။ စောင့်တော့ကြည့်တာပေါ့၊ သတင်းယူတာပေါ့။”
အခုရွေးကောက်ပွဲကနေ အများလိုချင်တဲ့အဖြေ ထွက်လာဖို့က အဓိက အကျဆုံးက ဘာလို့ထင်ပါလဲခင်ဗျ။
“ကျနော်တို့တိုင်းပြည်က အခြေအနေတွေ အများကြီး နောက်ကျနေတာပေါ့။ ကျနော်တို့ ပြုပြင်စရာတွေ အများကြီးရှိတော့ အားလုံး ဝိုင်းပြီး ပြုပြင်ရမယ်လို့ ယူဆတယ်။ အဲတော့ ဒီရွေးကောက်ပွဲနည်းအားဖြင့် ကျနော်တို့ ညီညွတ်ရေးတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အဲဒီမျှော်လင့်ချက်နဲ့ ကျနော်တို့ ဝင်ပြီး ပါတာပါ၊ ဝင်ကြိုးစားတာပါ။”
လွတ်လပ်ပြီး တရားမျှတမယ်လို့ ပြောတာတော့ ဟုတ်ပြီ၊ အခုအချိန်ထိ ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ်လို့ မပြောသေးတဲ့ အပေါ်မှာရော ဆရာ့အမြင် ဘယ်လိုရှိပါသလဲ။
“ရွေးကောက်ပွဲ ဥပဒေကို အချိန်မီ ထွက်ပေးပါ။ ဒါမှ ကျနော်တို့ လွတ်လွတ်လပ်လပ် လုပ်နိုင်မယ်။ တိုင်းပြည်အတွက်လည်း ကောင်းမယ်ပေါ့ ဆိုပြီး ကျနော်တို့လည်း တိုက်တွန်းတာပါ၊ မေတ္တာလည်း ရပ်ခံတယ်ပေါ့။ မြန်မြန်ထွက်ပေးစေချင်တယ်။ မြန်မြန်မထွက်ရင်တော့ ကျနော်တို့ လုပ်ရကိုင်ရတာလည်း မလွယ်ဘူးပေါ့။ အဲတော့ တရားမျှတမှုလည်း သိပ်ရှိမယ် မထင်ဘူး။ လုပ်ဖို့ သိပ်ခက်သွားမှာပေါ့။”
ဆရာ ဆိုလိုတဲ့သဘောက အချိန်မပေးရင် တရားမျှတမှု မရှိနိုင်ဘူးဆိုတဲ့ သဘောပေါ့။
“လုပ်လို့ ခက်သွားတာပေါ့။ လုပ်လို့ ခက်သွားရင် ကျနော်တို့တောင် ရွေးကောက်ပွဲ ဝင်သင့်သလား၊ မဝင်သင့်ဘူးလား ပြန်စဉ်းစားရမလို ဖြစ်တာပေါ့။ အချိန်မရရင်ပေါ့။”
ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုေ၀ ပြောပြခဲ့တာ ဖြစ်ပါတယ်။