သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဗဟိုကော်မတီ တိုးချဲ့စာရင်း ထုတ်ပြန်


NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို အဖွဲ့ဝင်သစ်တွေနဲ့ တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို လက်ရှိ ရှိနေတဲ့ အဖွဲ့ဝင်တွေထက် ငယ်ရွယ်သူတွေနဲ့ တိုးချဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို လက်ရှိ ရှိနေတဲ့ အဖွဲ့ဝင် ၉ ယောက်အပြင် သွေးသစ်လို့ ခေါ်ရမယ့် လက်ရှိ အဖွဲ့ဝင်တွေထက် အသက်ငယ်သူ နောက်ထပ် ၉ ယောက်နဲ့ တိုးချဲ့ဖွဲ့စည်းလိုက်တာပါ။ NLD အနေနဲ့ CEC အဖွဲ့ဝင် အသစ်တွေနဲ့ တိုးချဲ့ဖွဲ့စည်းလိုက်တယ် ဆိုတဲ့အကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်တာလို့ တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ အထဲမှာ အဖွဲ့ဝင်အသစ်အဖြစ် ပါလာသူလည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

“တိုးချဲ့ဖွဲ့လိုက်တယ်လေ။ အားလုံး နဂိုက ၉ ယောက်ရှိတယ်။ အခု ၉ ယောက် ထပ်တိုးချဲ့လိုက်တော့ ၁၈ ယောက် ဖြစ်သွားတယ်။ ကျနော်တို့ အသစ် တိုးချဲ့ဖွဲ့လိုက်တာကတော့ ဒေါက်တာသန်းငြိမ်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဝင်းနိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းညွန့်၊ ဒေါက်တာမေ၀င်းမြင့်ပါ။”

ဒီလို တိုးချဲ့ဖွဲ့စည်းဖို့က အန်ကယ်တို့ လူအသစ်တွေ မပါခင် ရှိနေတဲ့ CEC အဖွဲ့ဝင်တွေ စည်းဝေးပြီးတော့ တိုးချဲ့ဖို့ ဆုံးဖြတ်လိုက်တာလားခင်ဗျ။

“ဟုတ်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ဒေါ်အောင်ဆန်းစုကြည်ဘက်က အကြံပေးတာတွေ၊ သူ့ဘက်က သဘောတူညီမှု ယူတာတွေရော လုပ်ခဲ့ပါသလား။

“သူ့ဘက်ကတော့ သဘောတူတယ်လို့ CEC က ရရှိထားပါတယ်။ ဒါကြောင့် ဒီလိုထည့်တာပါ။”

အခု တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်တွေထဲက တယောက်ဖြစ်တဲ့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းက အသက်အရွယ် ကြီးရင့်နေကြပြီ ဖြစ်တဲ့ ပါတီခေါင်းဆောင် ၃ ယောက် ဖြစ်ကြတဲ့ ဦးအောင်ရွှေ၊ ဦးလွင်နဲ့ ဦးလွန်းတင်တို့ကို စစ်အစိုးရက သွားရောက် ဂါရ၀ပြုခွင့် ပေးခဲ့တဲ့ အချိန်တုန်းက အခုလို ပါတီကို တိုးချဲ့ဖွဲ့စည်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုခဲ့တာကို သူတို့အနေနဲ့ သဘောတူတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး မကြာခင်မှာဘဲ ဦးလွင်က ပြောခဲ့ပါတယ်။

လက်ရှိ NLD ခေါင်းဆောင် အများစုဟာ ပါတီ စတင်တည်ထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက ဒီခေါင်းဆောင်ပိုင်း ရာထူးကို ရယူထားခဲ့ကြတာပါ။ ပါတီအနေနဲ့ လူငယ် သွေးသစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အောက်ခြေ အဖွဲ့ဝင်တွေက တောင်းဆိုသံတွေ ထွက်လာနေချိန်မှာ ပါတီကို အခုလို အသက်ငယ်ရွယ်သူတွေနဲ့ တိုးချဲ့ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG