သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီငလျင်ဘေး နိုင်ငံတကာ ကူညီ


ဟေတီနိုင်ငံမှာ .၇ ပြင်းအားရှိတဲ့ မြေငလျင် အင်္ဂါနေ့မှာ လှုပ်ခတ်ခဲ့လို့ အပျက်အစီးတွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက် နောက်ဆက်တွဲ လှုပ်ခတ်မှုတွေကို စိုးရိမ် ကြောက်လန့်မှုတွေနဲ့ ဟေတီနိုင်ငံသားတွေ မြို့တော် ပို့တ် အို ပရင့်စ် (Port-au-Prince) လမ်းတွေပေါ်မှာပဲ အိပ်စက် ကုန်လွန်ခဲ့ကြရပါတယ်။

ငလျင်ဒဏ်ကြောင့် လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ပြီး အပျက်အစီးတွေကြား ပိတ်မိနေသူတွေ မရေမတွက် နိုင်လောက်အောင် ရှိနေပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာတဝန်းက အစိုးရတွေရဲ့ အရေးပေါ် အကူအညီတွေကို ငလျင်ဒဏ်သင့်ခဲ့သူတွေက စောင့်စားနေကြရင်း ဒီကနေ့ အရုဏ်တက်ချိန်မှာတော့ ဘာသာရေး သီချင်းတွေကို သီဆိုနေကြကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အမေရိကန်၊ ဘရာဇီး၊ အိုက်စ်လန်နဲ့ တခြားနိုင်ငံတွေက အရေးပေါ် အကူအညီတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ၊ ထောက်ပံ့ရေး ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ကုန်တင်လေယာဉ်တွေလည်း မနေ့ နှောင်းပိုင်းကစလို့ ရောက်ရှိလာပါတယ်။

တောင်အာဖရိက ကလည်း ရှာဖွေရေးနဲ့ အရေးပေါ် ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေကို စေလွှတ်ဖို့ ရှိပါတယ်။ ပြိုလဲခဲ့တဲ့ အဆောက်အဦးတွေထဲက အသက်မသေ ရှင်ကျန်ရစ်သူတွေကို ရှာဖွေရာမှာ အထူးကျွမ်းကျင်သူတွေကို စေလွှတ်မယ့်အကြောင်း တောင်အာဖရိကက Gift of the Givers လူမှုရေး အဖွဲ့အစည်းက ဒီနေ့ပဲ ပြောဆိုလိုက်ပါတယ်။

ဟေတီမှာရှိတဲ့ ဆေးရုံတွေမှာလည်း ဒဏ်ရာရသူတွေကို ကုသမှုပေးဖို့ ကြိုးပမ်းနေကြသလို လမ်းတွေပေါ်မှာတော့ အလောင်းတွေကို စီတန်းထားတာကို တွေ့မြင်နေရပြီး ဝမ်းနည်းပူဆွေးနေသူ၊ အသက်မသေ ကျန်ရစ်သူတွေနဲ့ ပြည့်နှက်နေပါတယ်။

ဟေတီနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဝန်ထမ်း ၁၆ ယောက် သေဆုံးခဲ့ကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က အတည်ပြု ပြောဆိုခဲ့ပေမဲ့ အနည်းဆုံး ဝန်ထမ်း ၁၅၀ လောက်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ ဘာမှမသိနိုင်ဘဲ ဖြစ်နေဆဲပါ။

အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် မြို့တော် ပို့တ် အို ပရင့်စ် တခုလုံး ပျက်စီးသွားခဲ့တဲ့ ဟေတီနိုင်ငံကို အမေရိကန် အစိုးရက စစ်ဘက်ကရော၊ အရပ်ဘက်ကပါ အားသွန်ခွန်စိုက် သွားရောက် ကူညီမှုတွေ ပေးဖို့ စတင်နေပါပြီ။

အမေရိကန်တောင်ပိုင်း မြောက် ကာရိုလိုင်းနား (North Carolina) ပြည်နယ်ရှိ အမေရိကန် စစ်စခန်းက စစ်သားအလုံးအရင်းနဲ့ ဟေတီကို အမြန်ဆုံး သွားနိုင်ဖို့ ဒီကနေ့ပဲ စတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် မရိမ်းတပ်သား ၂,၀၀၀ ကျော်ကိုလည်း ဟေတီမှာ လိုအပ်တဲ့ အရေးတကြီး လုံခြုံရေး စောင့်ကြပ်မှုတွေ၊ ရှာဖွေရေး၊ ကယ်ဆယ်ရေးတွေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ ပစ္စည်းတွေ သယ်ယူရေးမှာ အကူအညီပေးဖို့ ဟေတီကို စေလွှတ်လိုက်ပါပြီ။

ဟေတီမှာ ကြုံခဲ့ရတဲ့ မြေငလျင်ဟာ အမေရိကတိုက် နိုင်ငံတွေ သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ ဟေတီ ငလျင်ဘေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခြင်းခံရတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) က ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဟေတီကို အကူအညီတွေ တိုးမြှင့်ပေးဖို့ ကတိပြုခဲ့ပါတယ်။ ဟေတီမှာ အရေးပေါ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးမယ်လို့ သမ္မတ အိုဘားမားက အခုပဲ ကြေညာလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) တို့ကလည်း သူတို့ရဲ့ အာရှခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဟေတီကို ကူညီရေးအတွက် ဦးဆောင်စီစဉ်နေပါတယ်။

USAID ခေါ် အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးတွေမှာ ကူညီပေးနေတဲ့ ဌာနရဲ့ အကြီးအကဲ ဒေါက်တာ ရာဂျစ်ဗ် ရှား (Dr. Rajiv Shah) က ဟေတီကို သဘာဝကပ်ဘေး ကူညီရေးအဖွဲ့တွေ၊ လိုအပ်တဲ့ ကူညီကယ်ဆယ်ရေး ကိရိယာတွေကို ပို့လိုက်ပြီလို့ ပြောခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG