သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီ ငလျင်ဘေး အကူအညီတွေ စတင်ရောက်ရှိ


မြို့တော် ပို့တ် အို ပရင့်စ် (Port-au-Prince) ကို အပြိုအပျက်ပုံကြီး တခုအဖြစ် ပြောင်းလဲသွားစေခဲ့တဲ့ နှစ်ပေါင်း ၂၀၀ အတွင်း အဆိုးဝါးဆုံး မြေငလျင်ဒဏ် ခံလိုက်ရတဲ့ ဟေတီနိုင်ငံဆီကို နိုင်ငံတကာက စစ်သားတွေ ဟေတီလူထုအတွက် လိုအပ်လှတဲ့ အကူအညီ၊ အထောက်အပံ့၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လေယာဉ်တွေနဲ့ တဖြည်းဖြည်း ရောက်လာကြပါပြီ။

နိုင်ငံရဲ့ အဓိကလေယာဉ်ကွင်း တခုလုံး နိုင်ငံတကာ အကူအညီ လေယာဉ်တွေနဲ့ အပြည့်ဖြစ်နေပါတယ်။

အင်္ဂါနေ့က လှုပ်သွားခဲ့တဲ့ ၇.၃ ပြင်းအားရှိတဲ့ ငလျင်ကြီးကြောင့် လူပေါင်း ၄၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ သေဆုံးသွားတယ်လို့ ကြက်ခြေနီ အရာရှိတွေက ခန့်မှန်းထားပါတယ်။ အဲဒီ ငလျင်ကြီးကြောင့် နေအိမ်တွေ၊ အစိုးရ အဆောက်အဦးတွေ ပြိုကျခဲ့ရပြီး လူတွေ မရေမတွက်နိုင်အောင် အဆောက်အဦး အပြိုအပျက်တွေ အောက်မှာ ပိပြားခဲ့ရပါတယ်။

အဝတ်နဲ့ပဲ အုပ်ထားနိုင်တဲ့ လူသေအလောင်းတွေဟာ မြို့တော်ရဲ့ လမ်းတွေပေါ်မှာ ပုပ်ပွနေပြီး အပုပ်နံ့ကလည်း လေထဲမှာ ပျံ့နှံ့နေပါတယ်။

မြို့မှာ ကူးစက်ရောဂါတွေ မဖြစ်ပွားရအောင် ကာကွယ်ဖို့အတွက်ဆိုရင် ဒီလူသေအလောင်းတွေကို မြှုပ်နှံပစ်ဖို့ လိုအပ်ပါတယ်လို့ ပို့တ် အို ပရင့်စ်က သူနာပြုတဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ ရှားပါးနေတဲ့ ဆေးဝါးနဲ့ ဆေးကုသမှု လိုအပ်တဲ့သူ အရေအတွက် တိုးလာနေပါတယ်။ စားနပ်ရိက္ခာနဲ့ နေစရာ အမိုးအကာ လိုအပ်သူတွေ မရေမတွက်နိုင်လောက်အောင် များပြားပြီး လမ်းပေါ်မှာ အစာငတ်ပြတ်နေတဲ့ ဒုက္ခသည်တွေနဲ့ အပြည့်ဖြစ်နေပါတယ်။

ဒဏ်ရာရထားသူ တချို့ကို ဆေးကုသပေးဖို့ အိမ်နီးချင်း ဒိုမီနီကန် သမ္မတနိုင်ငံဆီ ခေါ်ဆောင်သွားရတယ်လို့ အမေရိကန် ရုပ်မြင်သံကြားဌာနတခုက ကြေညာပါတယ်။

လမ်းတွေလည်း ပိတ်ဆို့နေဆဲဖြစ်ပြီး လျှပ်စစ်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေးတွေလည်း အများအပြား ပြတ်တောက်နေဆဲမို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ကြန့်ကြာနေကြရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG