သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီငလျင် အရေးပေါ် အကူအညီ လိုအပ်ဆဲ


ဟေတီနိုင်ငံမှာ အပျက်အစီး အဆုံးအရှုံးတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရတဲ့အထိ အင်္ဂါနေ့တုန်းက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်နောက်ပိုင်း အရေးပေါ် ကယ်ဆယ်ရေး အကူအညီတွေ ပေးအပ်ဖို့ ကတိပြုထားပေမဲ့ ကြန့်ကြာမှုတွေ ရှိနေချိန်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြတဲ့ ဟေတီနိုင်ငံသားတွေကတော့ မြို့တော် ပို့တ် အို ပရင့်စ် (Port-au-Prince) လမ်းတွေပေါ်မှာပဲ စတုတ္ထနေ့ကို ကုန်လွန်နေကြရပါတယ်။

အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson ကတော့ ဒီကနေ့ ဟေတီကို ရောက်သွားပါပြီ။ ဒီသင်္ဘောပေါ်ကနေ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ရဟတ်ယာဉ်တွေနဲ့ သယ်ဆောင်ပြီး အခြေစိုက် လေယာဉ်ကွင်းအဖြစ် အသုံးပြုသွားမှာပါ။

နှစ်ပေါင်း ၂၀၀ အတွင်း အဆိုးရွားဆုံး မြေငလျင်ကြောင့် မြို့တော်တခုလုံး အပျက်အစီးပုံအဖြစ် ရောက်ခဲ့တဲ့နောက် လေယာဉ်နဲ့အပြည့် တပ်သားတွေ၊ လိုအပ်နေတဲ့ အစားအစာ၊ ဆေးဝါးတွေကို နိုင်ငံအများအပြားက အကူအညီတွေ မနေ့ကစလို့ တဖြည်းဖြည်းချင်း ရောက်ရှိလာနေပါတယ်။ ဒါပေမဲ့လည်း ကယ်ဆယ်ရေး လုပ်သားတွေကတော့ အစားအသောက်နဲ့ အကူအညီတွေကို လုယက်မှုတွေဟာ ပြဿနာတရပ် ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ပြင်းအား ၇ ရှိတဲ့ ငလျင်ဒဏ်ကြောင့် အိုးအိမ်တွေ၊ အစိုးရ အဆောက်အဦးတွေ ပြိုလဲပြီး မရေမတွက် နိုင်လောက်တဲ့ လူတွေဟာလည်း အပျက်အစီးတွေအောက် ရောက်ကုန်ကြတာမို့ လူပေါင်း ၄၅,၀၀၀ ကနေ ၅၀,၀၀၀ လောက်အထိ သေဆုံးနိုင်တယ်လို့လည်း ကြက်ခြေနီအဖွဲ့က ခန့်မှန်းပါတယ်။ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ကူညီကယ်ဆယ်မှု အစီအစဉ်တွေကိုတော့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

အမေရိကန် အစိုးရကတော့ အရေးပေါ် အကူအညီအဖြစ် အမေရိကန် တပ်ဖွဲ့ဝင် ၅,၀၀၀ ကို လုံခြုံရေးနဲ့ အထောက်အပံ့တွေ ဖြန့်ဖြူးရေးအတွက် ဟေတီကို စေလွှတ်ခဲ့တာပါ။ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ဟေတီနိုင်ငံ ပြန်လည်ထူထောင်ရေး အစီအစဉ်အတွက် ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ကူညီသွားမှာ ဖြစ်တဲ့အကြောင်း မနေ့ကပဲ ပြောဆိုလိုက်တာပါ။

အမေရိကန်စစ်တပ် တောင်ပိုင်းတပ်မှူးကတော့ မနေ့ကစလို့ ဟေတီကို အမေရိကန်စစ်သည် ရာနဲ့ချီပြီး ရောက်ရှိသွားပြီး နောက်ထပ်ပို့ဖို့ ရှိတယ်လို့ ဆိုပါတယ်။ သမ္မတကတော် မစ်ရှဲလ် အိုဘားမား (Michelle Obama) ကလည်း အမေရိကန်ပြည်သူတွေ အလှူငွေ ထည့်ဝင်နိုင်မယ့် အဖွဲ့အစည်းတွေကို အများသိနိုင်အောင် လှုံ့ဆော်တဲ့ လှုပ်ရှားမှု တခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကလည်း ဟေတီနိုင်ငံက ပေးစရာရှိနေတဲ့ ကြွေးမြီ ဒေါ်လာ ၇၈ သန်း နီးပါးကို လျှော်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ သူ့နိုင်ငံမှာ ရောက်နေတဲ့ တရားမ၀င် ဟေတီနိုင်ငံသားတွေကို နေရပ်ရင်း ပြန်ပို့ဖို့ စီစဉ်ထားတာကိုလည်း ဆိုင်းငံ့ထားလိုက်ပြီး ငလျင်ဒဏ် ခံခဲ့ရသူတွေကို အကူအညီ ပေးဖို့အတွက် နိုင်ငံနယ်စပ်တွေကို ယာယီအားဖြင့် ဖွင့်လှစ်ထားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG