သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ရောက် အမေရိကန် ပညာရှင်အဖွဲ့ NLD နဲ့ဆွေးနွေး


နေအိမ်မှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပညာရှင်အဖွဲ့ တဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြန်မာစစ်အစိုးရက တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိပေမဲ့ ခရီးစဉ် ရည်ရွယ်ချက်မှာ ဒီလိုတွေ့ဆုံဖို့ အစီအစဉ်တွေ ပါဝင်ကြောင်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပြည်ထောင်စုက သုတေသီ ပညာရှင်အဖွဲ့တဖွဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။ မြန်မာနိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စု ဂျွန် ဟော့ပ်ကင်းစ် (John Hopkins) တက္ကသိုလ်က အာရှ သုတေသနဌာန ညွှန်ကြားရေးမှူး ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် (Karl D Jackson) ဦးဆောင်တဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်အစိုးရ အာဏာပိုင်တွေထံ တောင်းခံထားတာမို့ ဒီလို တွေ့ဆုံဖြစ်ဖွယ် ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ပါတီ တာဝန်ရှိသူတွေ တွေ့ဆုံစဉ်မှာ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ရှင်းပြခဲ့တာလို့ ပါတီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့က သူတို့ မစ်ရှင် (Mission) အကြောင်းမေးတော့ ကျနော်တို့ကတဲ့ အင်ဒိုနီးရှားမှာလည်း ဒီလိုပဲ လေ့လာရေးတွေ ဆူဟာတို (Suharto) လက်ထက်က လုပ်ဖူးတယ်ပေါ့။ အာရှမှာ အခု ဗမာနိုင်ငံကို စိတ်ဝင်စားလို့တဲ့။ ဗမာနိုင်ငံရဲ့ လက်ရှိ အခြေအနေ၊ NLD ရဲ့ လက်ရှိအခြေအနေ၊ နောင်အနာဂတ်အတွက် မျှော်မှန်းချက် ဘာညာပေ့ါဗျာ၊ အဲဒါကတော့ Facts Finding ပေါ့ဗျာ၊ သတင်းအချက်အလက် စုဆောင်းဖို့ လာတဲ့သဘော သူပြောပါတယ်။

“ဒီမစ်ရှင်အကြောင်း တခုပြောရင်တော့ သူတို့က မလာခင်ကတည်းက ကျနော်တို့ဆီကို ဆက်သွယ်တယ်ဗျ။ ဆက်သွယ်တဲ့ အဓိက အချက်ကတော့ သူတို့ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဖို့၊ အဲဒီလိုပြောတယ်။ အဲတော့ ကျနော်က ပြန်ပြီး အကြောင်းပြန်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်၊ မခံဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည်မှာ သူ တွေ့ချင်တယ်လို့ ပြောပိုင်ခွင့် မရှိဘူး။ ကျနော် ဒါ အကြောင်းပြန်တာ။

“အစိုးရ ဖိတ်ကြားချက်တော့ မဟုတ်ဘူး။ သူတို့ ပြောပြတာက သူတို့က ဝါရှင်တန်သံရုံးမှာ လာဖို့လျှောက်တယ်။ သူတို့ တခုပြောတာက ဒီဗီဇာ လျှောက်ကတည်းကိုက ဗမာပြည်ရောက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးပါဆိုတာ အဲဒီမှာကတည်းက သူတို့ တင်ပြထားတယ်လို့ အဲဒီလိုပြောတယ်။

“ကျနော်တို့နဲ့ ၁၁ ရက်နေ့ တွေ့ပြီးတော့ ၁၂ ရက်နေ့မှာ သူတို့ နေပြည်တော် သွားမယ်။ နေပြည်တော်မှာ သူတို့ကို ဝန်ကြီး ၃ ပါးနဲ့ တွေ့ဆုံခွင့်ပေးမယ်လို့ အဲဒီလို ပြောသွားတယ်။ ဝန်ကြီးနာမည်တွေတော့ မပြောဘူး။”

မြန်မာနိုင်ငံမှာ လေ့လာအကဲခတ်တဲ့ ခရီးစဉ်အဖြစ် ရောက်နေတဲ့ ပါမောက္ခ ဂျက်ဆင်ဟာ အရှေ့နဲ့ အရှေ့တောင်အာရှ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အာဆီယံ၊ အမေရိကန် ဂျပန် စီးပွားရေး ဆက်ဆံမှုရေးရာတွေမှာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ ပါမောက္ခ ဂျက်ဆင် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်က တရားဝင် ပြောဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖြစ်တဲ့ လက္ခဏာတွေ တွေ့ရတဲ့အကြောင်း မျက်မြင်တွေ့လိုက်ရသူတွေက ပြောဆိုတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ကျနော်တို့ကြားတာက ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲ ကားနဲ့လာတယ်၊ လုံခြုံရေးတွေ။ ပြီးတော့ သူတို့တည်းတယ်လို့၊ တည်းတဲ့နေရာလည်း ကျနော်တော့ မရောက်ဖူးပါဘူး၊ ကန်တော်ကြီးစောင်းက ဟိုတယ်မှာ ကျနော်က မနက် ၉ နာရီလောက်မှာ အဲဒီနားဖြတ်တော့ ကားသမားက ကျနော့်ကိုပြောတယ်၊ ဒီမှာ ဘာဖြစ်လို့လဲ မသိဘူးတဲ့၊ လုံခြုံရေးတွေ တင်းကျပ်နေတာပဲတဲ့။

“ကျနော်တွက်တာတော့ သူတို့ ဒီလိုအစီအစဉ်အတွက် လုံခြုံရေး ချတာပဲ။ သိသိသာသာလည်း ချတယ်ပေါ့ဗျာ။ နောက် ကျနော်ကြားရတဲ့ သတင်းကတော့ လုံခြုံရေးကားရယ်၊ Private ဧည့်သည်တွေစီးတဲ့ ကားမျိုးတွေနဲ့ တက္ကသိုလ်ရိပ်သာလမ်းဘက်ကို သွားတာတော့ တွေ့တဲ့လူတွေကလည်း ပြောကြတယ်။ အခု ကျနော်ပြောတာ ကျနော်ကိုယ်တိုင် confirm မလုပ်နိုင်ပေမဲ့ ဒီသတင်း မှန်တယ်လို့ ကျနော်ယူဆတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံအပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာ သူရည်ရွယ်ထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်လောက် ကြာမြင့်တဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ စစ်အစိုးရပိုင် သတင်းတွေက ဖော်ပြခဲ့ပေမဲ့ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်တွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

အခုနောက်ဆုံး ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုဟာ ဆိုရင်တော့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပြု ပြောဆိုထားတဲ့ ဒီနှစ် ၂၀၁၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တာဝန်ရှိသူတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG