သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေး၊ နိုင်ငံရေး အကျဉ်းသား လွှတ်ရေး ဂျပန်အစိုးရ တိုက်တွန်း


မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးကို ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ဂျပန်အစိုးရရဲ့ သဘောထား၊ ဂျပန် မြန်မာ ဆက်ဆံရေး အခြေအနေတွေကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အရှေ့အာရှနဲ့ လက်တင်အမေရိက နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တိုကျိုမြို့က ၂ ရက်ကြာ ဆွေးနွေးပွဲအတွင်း အလွတ်သဘော တွေ့ဆုံရာမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို တိုက်တွန်းလိုက်တာပါ။ ဒီနှစ်ထဲ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ သက်ဆိုင်သူတွေ အားလုံးကို ပါဝင်ခွင့်ပြုဖို့ ဂျပန်နိုင်ငံက မျှော်လင့်ထားတာကိုလည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။ ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညို ကတော့ ဂျပန်အစိုးရသစ် အနေနဲ့ မြန်မာ့အရေးမှာ ပိုပြီးတက်ကြွတဲ့ မူဝါဒတွေကို ကျင့်သုံးလာတာမို့ ဒီလို တိုက်တွန်းမှုတွေ လုပ်လာတာလို့ ပြောပါတယ်။

“ပြောသွားတာကတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် NLD တို့ ပါနိုင်အောင်လည်း သူတို့လုပ်မယ်၊ ပြောရရင်တော့ ဥပဒေနဲ့အညီ လုပ်သွားမယ်တို့ ဆိုတဲ့ဟာတွေ ပြောသွားတယ်လို့ ကျနော်တို့ ကြားပါတယ်။ ဂျပန်အစိုးရရဲ့ ပေါ်လစီက အရင်တုန်းက ဆိုရင်တော့ အမေရိကားနဲ့ ဥရောပကို အခြေခံတဲ့ ပေါ်လစီကို ကျင့်သုံးလာတာက နှစ်ပေါင်း ၅၀ နီးပါးလောက် ရှိလာပြီ။

“အခုတက်လာတဲ့ ဒီမိုကရက် ပါတီကတော့ သူက အာရှကို အခြေခံချင်တယ်။ အာရှကို အခြေခံတဲ့ စနစ်ကို သွားချင်တယ်ဆိုတဲ့ ပေါ်လစီရှိတယ်။ အဲဒီပေါ်လစီ ရှိတဲ့အတွက် အာရှနဲ့ ဆက်ဆံနိုင်အောင် လုပ်တဲ့အချိန်မှာ ဗမာလည်း ပါနေတယ်ပေါ့။ ပါနေတော့ ဒီနိုင်ငံနဲ့လည်း မဆက်ဆံရင် မရဘူး။ ဒါပေမဲ့ ဒီနိုင်ငံက စစ်အာဏာရှင် စနစ်ဖြစ်နေလို့ သူတို့ ပြဿနာဖြစ်နေတာလည်း အမှန်ပဲ။ ဒါပေမဲ့လည်း အာဆီယံထဲမှာ ဗမာနိုင်ငံက ပါနေတဲ့အတွက် အာဆီယံကို ဆက်ဆံတဲ့ သဘောမျိုးနဲ့ တွဲခေါ်သွားတာကို တွေ့နေရပါတယ်။”

ဂျပန်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံကို ပြည်ပကနေ ဖွံ့ဖြိုးမှု အထောက်အပံ့တွေ ပေးအပ်နေတဲ့ အဓိကနိုင်ငံ တနိုင်ငံ ဖြစ်ပေမဲ့ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုတွေကို စစ်အစိုးရက နှိမ်နင်းခဲ့တဲ့နောက် အကူအညီတွေကို ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေနဲ့အတူ နိုင်ငံရေး တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် အကူအညီ အထောက်အပံ့တွေ ပေးအပ်ဖို့ ဖြစ်လာနိုင်စရာ ရှိတယ်လို့လည်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ တကယ်တမ်း ဖြစ်လာခဲ့မယ်ဆိုရင် ဂျပန်နိုင်ငံဘက်က ပံ့ပိုးမယ့် အစီအစဉ်တွေဟာ တလျှောက်လုံး ရှိနေခဲ့တာလို့ ဒေါက်တာမင်းညိုက ပြောပါတယ်။

“ကျနော်တို့ NLD လည်းပါတယ်၊ အားလုံးက လက်ခံနိုင်တဲ့ အနေအထားမျိုး ရောက်ပြီး ပြောင်းလဲသွားမယ် ဆိုရင်တော့ သူတို့ အကူအညီတွေ ပေးဖို့က ရှိပြီးသား။ သူတို့မှာလည်း စီးပွားရေးအရ မဲခေါင်မြစ်ဝှမ်း စီမံကိန်းဆိုတာ သူတို့အထဲမှာလည်း ရှိထားတယ်။ ငွေ ကုဋေပေါင်း မြောက်မြားစွာ သုံးဖို့လည်း ရည်ရွယ်ထားတယ်။

“ဒါပေမဲ့လည်း ဗမာပြည်က မအေးချမ်းသေးတဲ့အတွက် ဗမာပြည်အပိုင်းကို နောက်မှ လုပ်ပြီးတော့ အေးချမ်းတဲ့အပိုင်း၊ အဓိက ပြဿနာဖြစ်တဲ့ အပိုင်းကို သူတို့ အရင်ဆုံးလုပ်မယ်ဆိုတဲ့ အစီအစဉ်တော့ ရှိတာပေါ့။ အဲတော့ ဗမာပြည် ပြောင်းလဲသွားရင်တော့ အဲဒီလို အကူအညီတွေ ဘာတွေ ပေးဖို့ဆိုတာ နဂိုကတည်းက ရှိထားပြီးသားဆိုတော့ ဗမာပြည်က အာရှထဲ ပါတဲ့အတွက်၊ အာရှထဲမှာ ပြဿနာဖြစ်တဲ့နိုင်ငံက ဗမာပဲ ဖြစ်နေတော့ သူတို့ စိတ်ဝင်စားမှု ရှိတာကတော့ သေချာပါတယ်။”

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံရာမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကတော့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ ဖြစ်သလို ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် သက်ဆိုင်သူတွေ ပါဝင်နိုင်မှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ကြောင်း ဂျပန်နိုင်ငံကလာတဲ့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဖိအားတွေ၊ တိုက်တွန်းမှုတွေကြောင့် စစ်အစိုးရဘက်က ဒီလိုဆောင်ရွက်ဖို့ ရည်ရွယ်လာတာ ဖြစ်နိုင်တဲ့အကြောင်း ဒေါက်တာမင်းညိုက သူ့အယူအဆကို ပြောပါတယ်။

“ဘယ်လောက် လွတ်လပ်သလဲ၊ ဘယ်လောက် မျှတသလဲ ဆိုတာက ရွေးကောက်ပွဲ ဥပဒေက ထွက်မလာသေးတော့ ကျနော်တို့ ဘာမှ ပြောလို့တော့ မရသေးဘူး။ ဒါပေမဲ့လည်း နိုင်ငံတကာက ပြောနေတာက ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့ NLD အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ပါရမယ်ဆိုတဲ့ အယူအဆက အားလုံး တူညီနေတာတော့ ရှိတယ်။ ဒီအပေါ်မှာ မူတည်ပြီး စစ်ခေါင်းဆောင်တွေက အဲလိုလုပ်ဖို့ ရည်ရွယ်တယ်လို့ ထင်တယ်။”

ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညို ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကတော့ ဒီနှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ် ဆိုပေမဲ့ နေ့ရက် အတိအကျကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဂျပန်နိုင်ငံ ခရီးစဉ် မတိုင်မီ ဒီတပတ်တည်းမှာပဲ ဗီယက်နမ်နိုင်ငံမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒီလို ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ အစစအရာရာ အစီအစဉ်အတိုင်း ရှိနေပါတယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG