သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ဘီလ် ကလင်တန် ဟေတီ ရောက်မည်


ဟေတီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ ဒီကနေ့ တနင်္လာနေ့မှာ ဟေတီနိုင်ငံ ပို့တ် အို ပရင့်စ် (Port-Au-Prince) မြို့တော်ကို သွားမယ်လို့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) က ပြောပါတယ်။

ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူသွားပေးမှာ ဖြစ်သလို ဟေတီသမ္မတ ရီနေး ပရီဗေးလ် (Rene Preval) အပါအဝင် တခြား ဟေတီအစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမယ်လို့ မစ္စတာ ကလင်တန်က ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက ငလျင်ဒဏ် ခံထားရတဲ့ ဟေတီလူမျိုးတွေ ဆိုးဆိုးဝါးဝါး လိုအပ်နေတဲ့ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေကို ကယ်ဆယ်ရေး လုပ်သားတွေ ခဲရာခဲဆစ် ပို့ပေးနေရချိန်မှာပဲ မစ္စတာ ကလင်တန် ဟေတီကိုသွားမှာ ဖြစ်ပါတယ်။

ပို့တ် အို ပရင့်စ် လေဆိပ်မှာ လေယာဉ်အစင်းရေ အများကြီးအတွက် နေရာမရှိတဲ့အတွက် ကယ်ဆယ်ရေး ပစ္စည်းတွေကို လေကြောင်းကနေ ပို့ပေးနိုင်သလောက် ပို့ပေးလို့မရ ဖြစ်နေပါတယ်။ ရေကြောင်းကနေ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ပေးနိုင်ဖို့အတွက်လည်း မြို့ရဲ့ဆိပ်ကမ်းကို ပြန်လည် အသုံးပြုနိုင်ရေးအတွက် အမေရိကန် ရေတပ်ဝန်ထမ်းတွေက ဆောင်ရွက်နေကြပါတယ်။

ငလျင်ဒဏ်ကြောင့် လမ်းတွေ အတော် ပျက်စီးသွားတဲ့အတွက် ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ ရေ၊ အစားအစာနဲ့ ဆေးဝါးတွေကို ပို့ဆောင်ပေးနိုင်ဖို့ ရဟတ်ယာဉ်တွေကို အားကိုးနေရတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်နေတဲ့ အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး ကန်ကင်းန် (Ken Keen) က ပြောပါတယ်။

နိုင်ငံပေါင်း ၃၀ ကျော်က ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ ပြိုကျ ပျက်စီးနေတဲ့ အဆောက်အဦးပျက်တွေ အောက်မှာ အသက်ရှင် ကျန်နေမယ့်သူတွေကို ဆက်လက် ရှာဖွေနေပါတယ်။

တနင်္ဂနွေနေ့ကတော့ အမေရိကန်နဲ့ တူရကီ ကယ်ဆယ်ရေးတွေက ပြိုကျသွားတဲ့ စူပါမားကက် တခုအောက်က အသက် ၇ နှစ်အရွယ် မိန်းကလေးတယောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG