သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီ ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်ဖို့ အမေရိကန်တပ်တွေ ထပ်ပို့


ဟေတီနိုင်ငံက ငလျင်ဘေးဒုက္ခသည် ထောင်သောင်းများစွာတို့ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကြီးအကျယ် လိုအပ်နေတဲ့အချိန် သူတို့ကို ကူညီဖို့ ဒေသတွင်း ရောက်ရှိနေနှင့်ပြီး ဖြစ်တဲ့ အမေရိကန် မရိမ်းတပ်သား ၅,၀၀၀ အပြင် နောက်ထပ် တပ်သား ၂,၀၀၀ တနင်္လာနေ့မှာ ရောက်ရှိသွားဖွယ် ရှိပါတယ်။

အမေရိကန် သမ္မတဟောင်း ဟေတီဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဘီလ် ကလင်တန် (Bill Clinton) လည်း ဒီနေ့ ရောက်ရှိသွားပြီး ဟေတီသမ္မတ ရီးန် ပရီဗဲလ် (Rene Preval)၊ နောက် အစိုးရခေါင်းဆောင်များနဲ့ ဆွေးနွေးပြီး စားနပ်ရိက္ခာ ဝေငှရေးကိစ္စကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

စားနပ်ရိက္ခာ အကြီးအကျယ် လိုအပ်နေကြတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အထောက်အပံ့ အလုံးအရင်းနဲ့ ရောက်လာတော့မှာ ဖြစ်တယ်လို့ ဟေတီနိုင်ငံ မြို့တော်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တနင်္လာနေ့မှာ ပြောဆိုပါတယ်။

ဟေတီနိုင်ငံသား သုံးပုံတပုံလောက် ငလျင်ဒဏ်ကြောင့် အထောက်အပံ့ အကြီးအကျယ် လိုအပ်နေကြတယ်၊ လူ ၁,၀၀၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြတယ်လို့ ကုလသမဂ္ဂ ရုံးက ကြေညာပါတယ်။

ဟေတီငလျင်ဟာ ကပ်ဆိုက်မှုကြီးဖြစ်တယ်၊ လူသားများအတွက် အကျပ်အတည်းကြီး ဖြစ်တယ်၊ မြို့တော်ရဲ့ အပြင်ဘက်မှာ အခြေအနေတွေ ဘယ်လိုဆိုတာ မသိရသေးလို့ ငလျင်ဒဏ်ကြောင့် ဘယ်လောက် သေကျေ ပျက်စီးတယ်ဆိုတဲ့ အတိုင်းအတာကို မခန့်မှန်းနိုင်သေးဘူးလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG