သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ဘီလ် ကလင်တန် ဟေတီ ရောက်ရှိ


ငလျင်ဒဏ်ခံထားရတဲ့ ဟေတီနိုင်ငံဆီကို ဟေတီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) ရောက်ရှိနေပါတယ်။

အစားအစာ၊ သောက်ရေနဲ့ တခြား အခြေခံ လိုအပ်တဲ့ အကူအညီတွေကို စောင့်မျှော်နေကြတဲ့ ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေလည်း အရှိန်ရနေပါပြီ။ မစ္စတာကလင်တန်နဲ့အတူ သမီးဖြစ်သူ ချယ်လ်ဆီး ကလင်တန် (Chelsea Clinton) တို့ဟာ ငလျင်ကြောင့် တော်တော်လေး ပျက်စီးနေတဲ့ ပို့တ် အို ပရင့်စ် (Port au Prince) မြို့တော်ဆီကို တနင်္လာနေ့က ရောက်လာပြီး ဘေးဒုက္ခကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြည့်ရှုပါတယ်။

ဟေတီသမ္မတ ရီးန် ပရီဗဲလ် (Rene Preval) နဲ့လည်း မစ္စတာကလင်တန် တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ် အတွင်းမှာ အရေးပေါ် ပစ္စည်းတွေကို လှူဒါန်းမယ်လို့ သူ့ရဲ့ ဖောင်ဒေးရှင်း (Foundation) အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြင်းအား ၇.၀ ရစ်ချ်တာစကေးနဲ့ လှုပ်ခတ်သွားတဲ့ မြေငလျင်ဒဏ်ကနေ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ကမ္ဘာ့ခေါင်းဆောင်တွေကလည်း အလှူငွေ အမြောက်အမြား ပေးမယ်လို့ ကတိပြုထားကြပါတယ်။

ငလျင်ဒဏ်ကြောင့် လူပေါင်း သောင်းပေါင်းများစွာ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ပြိုကျနေတဲ့ အဆောက်အဦးပျက်တွေ၊ အလောင်းတွေ ရောနေတဲ့ လမ်းမတွေပေါ်က အဖြစ်လုပ်ထားတဲ့ ယာယီစခန်းတွေမှာ အသက်ရှင်ကျန်နေတဲ့သူတွေ နေနေကြရပါတယ်။

ရာနဲ့ချီတဲ့ လုယက်သူတွေဟာလည်း ဆိုင်တွေထဲကိုဝင်ပြီး ရရာပစ္စည်းကို လုယက် ယူနေကြသလို သူတို့အချင်းချင်းလည်း ခိုက်ရန် ဖြစ်နေကြလို့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေလည်း တိုးနေပါတယ်။

ဒါပေမဲ့ အဲဒီမှာ အကူအညီပေးနေတဲ့ အမေရိကန် စစ်တပ် တပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး ကန်ကင်းန် (Ken Keen) ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကလောက် အကြမ်းဖက်မှုတွေ မတွေ့ရတော့ဘူးလို့ ပြောပါတယ်။

ပို့တ် အို ပရင့်စ် လေဆိပ်ကို အမေရိကန်က လွှဲယူထားပြီး ကယ်ဆယ်ရေး လုပ်သားတွေရဲ့ လုံခြုံရေးအတွက် အမေရိကန်စစ်သား ထောင်ပေါင်းများစွာကိုလည်း ဖြန့်ချထားပါတယ်။

ဟေတီလုံခြုံရေးကို အမေရိကန် ချဲ့ယူသွားဖို့ အစီအစဉ် မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်တပ်တွေ အနေနဲ့ သူတို့ကိုယ်သူတို့ ခုခံဖို့နဲ့ လိုအပ်လာရင် တခြားသူတွေကို ကာကွယ်ဖို့ လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိတယ်လို့လည်း ဝန်ကြီး ဂိတ်စ်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG