သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဦးလှ ရာပြည့် မန္တလေးမှာ ကျင်းပမည်


စာပေချစ်မြတ်နိုးသူတွေ၊ လူထုဦးလှကို ကြည်ညိုလေးစားသူတွေဟာ ပြည်ပနိုင်ငံအချို့မှာ သတင်းစာဆရာကြီး လူထုဦးလှရဲ့ ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွေ လုပ်ခဲ့ကြသလို ဒီကနေ့ဆိုရင်လည်း မန္တလေးမြို့မှာ လူထုဦးလှ ရာပြည့်ပွဲလုပ်ဖို့ စီစဉ်ထားကြပါတယ်။ သတင်းစာဆရာကြီး လူထုဦးလှဟာ တိုင်းပြည်အတွက် အပြုစိတ်နဲ့ နိုင်ငံရေး လုပ်ခဲ့သူတဦး ဖြစ်သလို မျိုးဆက်သစ်တွေကို လွတ်လပ်ခွင့်နဲ့ အားပေး မြေတောင်မြှောက်ပေးခဲ့သူလို့ လူထုဦးလှရဲ့ သားတပည့်တွေက ပြန်ပြောင်းပြောပြကြပါတယ်။ အကြောင်းစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လူထုဦးလှဟာ ကြီးပွားရေးစာစောင်၊ လူထုဂျာနယ်၊ လူထုသတင်းစာတွေကို ဦးဆောင်ထုတ်ဝေခဲ့ပြီး မြန်မာ့စာပေနယ်နဲ့ သတင်းလောကမှာ အထင်ကရ ရပ်တည်နိုင်ခဲ့တဲ့ သတင်းစာဆရာကြီး ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားမှုကတော့ သူ့သတင်းစာမှာ မျိုးဆက်သစ်တွေကို လွတ်လပ်ခွင့်ပေး၊ အားပေးတာပဲ ဖြစ်တယ်လို့ လူထုတိုက်ထွက် အနုပညာရှင် ဦးဝင်းဖေက ပြောပါတယ်။

“အားပေးတယ်ဆိုတာက လုပ်ခွင့်၊ ကိုင်ခွင့်၊ စဉ်းစားခွင့်၊ ပြောခွင့် ဆိုခွင့် ပေးတာ။ အဲဒါက ဘယ်လောက်လောက်က စလဲဆိုတော့ ဒုတိယကမ္ဘာစစ် ပြီးကာစမှာ၊ ဒါ ကျနော်မီတာကို ပြောတာနော်၊ ပန်းချီဆရာကြီး ဦးဘရင်လေးဆိုတာ စောစောစီးစီး လူထုမှာဝင်ပြီး အလုပ်လုပ်တယ်။ အဲဒီခေတ်ကဆိုရင် တော်တော်ရှေ့ရောက်တဲ့ တီထွင်ကြံဆပြီး အသစ်အဆန်းတွေ လုပ်တာပေါ့ဗျာ။ လူထုသတင်းစာတိုက်ရဲ့ လူထုဆိုတဲ့ လက်ရေးနဲ့ စာလုံးလေးကိုက ဦးဘရင်လေး စတာ။

“တချို့ဟာတွေ လူထုဦးလှ အနေနဲ့ လူကြီးဖြစ်ပြီးတော့ နည်းနည်း ရှေးဆန်တာတွေ ဘာတွေ ရှိပါတယ်။ သူတို့ အမြင်အားဖြင့်ကို လက်ခံဖို့ နည်းနည်း ခက်ခဲတဲ့ကိစ္စ ဖြစ်ပေမဲ့ ကြိတ်မှိတ်ပြီး လွတ်လပ်ခွင့်ပေးတယ်၊ ဒါ လူငယ်တွေပဲ။ ဒါ လူထုဦးလှရဲ့ မျိုးဆက်သစ်ပေါ်မှာ ယုံတဲ့၊ အားကိုးတဲ့၊ အားပေးတဲ့ ကိစ္စဗျ။”

လူထုဦးလှနဲ့တွဲရင် ထည့်မပြောလို့ မပြီးတာကတော့ ဇနီးဖြစ်သူ လူထုဒေါ်အမာပါ။ စာပေမှာ စိတ်ဝင်စားရင် လူထုဦးလှ၊ လူထုဒေါ်အမာတို့ရဲ့ စာပေသြဇာ လွတ်ကင်းသူကတော့ ရှားပါတယ်။ လက်ရှိ ဗွီအိုအေအဖွဲ့သား ဖြစ်နေတဲ့ ဦးတင်မောင်သန်းကလည်း သူ မြန်မာနိုင်ငံတွင်းမှာ သင့်ဘ၀မဂ္ဂဇင်း စထုတ်တုန်းက လူထုဦးလှရဲ့ မှတ်စုတွေကို မှီခဲ့ရဖူးတယ်လို့ ပြောပြပါမယ်။

“ကျနော် သင့်ဘ၀အောင်မြင်ရေး မဂ္ဂဇင်း လုပ်မယ်ဆိုတော့ ဒေါ်ဒေါ်ကနေပြီး ဦးလှ စုထားတယ်ဆိုတဲ့ အင်္ဂလိပ်ဆောင်းပါးတွေ ဖိုင်ကြီး ၂ ဖိုင် ကျနော့်ကို ပေးလိုက်ပါတယ်။ အဲဒီဖိုင်ထဲမှာ Readers Digest ထဲက ကလေးပြုစု ပျိုးထောင်ရေးလို ဆောင်းပါးတွေ၊ မိမိကိုယ်ကို မိမိ ဘ၀ ထူထောင်ရာမှာ ဘယ်လိုကြိုးစား အားထုတ်ရမယ်ဆိုတဲ့ ဆောင်းပါးတွေ၊ အစရှိသဖြင့် လူတယောက်ရဲ့ ဘ၀ကို ထူထောင်ဖို့အတွက် အများကြီး အထောက်အကူပြုတဲ့ ဆောင်းပါးတွေကို ဦးလှ စုထားတာ တွေ့ရပါတယ်။

“အဲဒီဆောင်းပါးတွေကို သင့်ဘ၀အောင်မြင်ရေး မဂ္ဂဇင်းမှာ ကျနော် သုံးခဲ့ရပါတယ်။ ဒါဟာ ဦးလေးလှ ကွယ်လွန်သွားပေမဲ့ ဦးလေးလှရဲ့ အယ်ဒီတာတယောက်ရဲ့ စုဆောင်းခဲ့တဲ့ စာပေတွေကို နောက်မျိုးဆက်က လူငယ်တွေအတွက် ဆက်လက်ပြီး အသုံးပြုနိုင်တာပါ။”

သတင်းစာဆရာ လူထုဦးလှဟာ လွတ်လပ်ရေး နောက်ပိုင်းကာလမှာကို နိုင်ငံရေးပုဒ်မနဲ့ အကြိမ်ကြိမ် ထောင်ချခံခဲ့ရပါတယ်။ ဦးလှဟာ နိုင်ငံရေး လောကဓံကို ကြံ့ကြံ့ခံနိုင်သလို စာရေးတာကိုပဲ ကိုယ်တတ်နိုင်တဲ့ဘက်က နိုင်ငံရေး လုပ်နေတာလို့ ခံယူတဲ့အကြောင်း ဦးဝင်းဖေက ပြောပြပါတယ်။

“သူက စာပေသမား၊ စာရေး၊ သတင်းစာထုတ် ဘာညာနဲ့ လုပ်နေတဲ့အခါကျတော့ ဒါဟာ နိုင်ငံရေးပဲလို့ သူက တွက်ထားတာ။ ပြီးတော့ သူက အကောင်းမြင်ဝါဒလည်း ဖြစ်တယ်။ ကျနော် ကုန်ကုန်ပြောမယ်ဗျာ၊ သူ့ကို ထောင်ချလိုက်တယ်။ ဒါ ဒုက္ခရောက်ပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာ သူက တိုင်းပြည်အတွက် ငါ ဘာလုပ်နိုင်လဲ၊ ငါ ထောင်ထဲမှာ မေးစရာရှိတာတွေ မေးမယ်ဆိုပြီးတော့ ကုန်ကြမ်းအမြောက်အမြား တပွေ့တပိုက်ကြီးနဲ့ ပြန်ထွက်လာတာပဲဗျ။ ပြီးတော့ အဲဒါတွေကို အကြွေးမထားဘူး၊ အမြန်ဆုံး အလုပ်လုပ်တာ။”

လူထုဦးလှရဲ့ ရာပြည့်အခမ်းအနားကိုတော့ ဒီကနေ့ မနက် ၁၀ နာရီခွဲ မန္တလေးမြို့ မြတောင် ဘုန်းကြီးကျောင်းတိုက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဘုန်းကြီးဆွမ်းကျွေး အစီအစဉ်နဲ့ စာတမ်းဖတ်ပွဲအတွက် ပြင်ထားတဲ့အကြောင်း လူထုဦးလှရဲ့ သားဖြစ်သူ စာရေးဆရာ ညီပုလေးက ပြောပါတယ်။

“ဘုန်းကြီးတွေ ဆွမ်းဘုန်းပေးပြီးရင် လူတွေကို နေ့လယ်စာ တည်ခင်းမယ်။ ပြီးရင် မိတ်ဆွေတွေက ပို့ထားတဲ့ သ၀ဏ် ဖတ်မယ်။ ဆရာ ဒဂုံတာရာတို့၊ ဆရာ ဦးသော်ကောင်းတို့ သူတို့ ပို့ထားတာ။ စာတမ်းက ဆရာ လူထုဦးစိန်ဝင်းဆီက တစောင်ရယ်၊ တက္ကသိုလ်များ စာကြည့်တိုက် ဒေါ်ခင်နှင်းဦးဆီက တစောင်ရယ်၊ စိုးနိုင် မန္တလေးတက္ကသိုလ်က တစောင်ရယ်၊ သုံးစောင်ဖတ်မယ်။”

လူထုဦးလှဟာ လူထုသတင်းစာကို ကြီးကြပ်ခဲ့တဲ့အပြင် ထောင်နဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ မြန်မာ့ရိုးရာ ပုံပြင်တွေ၊ အခြား ပညာပေးနဲ့ ကြီးပွားရေးဆိုင်ရာ စာအုပ်စာတမ်းတွေ အတော်များများ ထုတ်ဝေခဲ့ပြီး အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ဦးလှကို ၁၉၁၀ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ထဲမှာ မွေးဖွားခဲ့ပြီး ၁၉၈၂ ခုနှစ် သြဂုတ်လမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG